Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသများမှ ဝင်ထွက်သွားလာနိုင်ရေး သဘောတူ
DVB
·
May 11, 2018
မြန်မာ-အိန္ဒိယ နယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီး စာချုပ်အရ နှစ်နိုင်ငံ ပြည်သူတွေ နယ်စပ်ဒေသတွေကနေ ဝင်ထွက်သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဆူရှမာ ဆ၀ါရာဂ်ျနဲ့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ နေပြည်တော်မှာ မေ ၁၁ရက်က  သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ သက်တမ်းရှိ ဗီဇာ/ အီလက်ထရွန်နစ်ဗီဇာ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား၊ အိန္ဒိယနိုင်ငံသားတွေနဲ့ တတိယနိုင်ငံသားတွေဟာ သတ်မှတ်ထားတဲ့  တမူး (မြန်မာ)-မိုရေး (အိန္ဒိယ) နဲ့ ရိခေါဒါရ် (မြန်မာ)-ဇိုခေါသာ(အိန္ဒိယ)နယ်စပ် ဝင်ထွက်ပေါက်တွေကနေ ဝင်ထွက်သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဇာသတ်မှတ်ရက်အတိုင်း နေထိုင်ခွင့်ရမှာဖြစ်သလို နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူတွေဟာ တစ်နှစ်သက်တမ်းရှိ နယ်စပ် ဖြတ်သန်းခွင့်လက်မှတ် လျှောက်ထားပြီး တဖက်နိုင်ငံကို  ဝင်ထွက်သွားလာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြတဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီးမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၇ ခု လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနဲ့ အိန္ဒိယ သံအမတ်ကြီးတို့ကလည်း ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စေတီပုထိုးတွေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို  လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနသတင်းမှာ ဖော်ပြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ အသုံးပြုဖို့  အိန္ဒိယနိုင်ငံက မော်တော်ယာဉ် ၁၀ စီး ထောက်ပံ့ပေးအပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊  မြန်မာသံတမန်တွေအတွက် စွမ်းရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးကြပါတယ်။ ဒါ့အပြင် သထုံမြို့နဲ့ မုံရွာမြို့တွေမှာ ဖွင့်လှစ်သွားမယ့် အင်ဒို-မြန်မာစက်မှု သင်တန်းကျောင်း တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ အိန္ဒိယနိုင်ငံ အကူအညီနဲ့ မြင်းခြံမြို့မှာ ဖွင့်ထားတဲ့  စက်မှုသင်တန်းကျောင်း မွမ်းမံပြင်ဆင်ဖို့ ငါးနှစ် စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ စာလွှာကိုလည်း အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီရဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဖက် သဘောတူထားတာတွေကို အကောင်အထည်ဖော်ဖို့အတွက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီးဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024