ကွန်ဂိုတွင် အာဟာရချို့တဲ့သည့် ကလေးငယ်များအတွက် ရန်ပုံငွေလိုအပ်

ဓာတ်ပုံ - ရိုက်တာ
ကွန်ဂိုနိုင်ငံ ကာဇိုင်းဒေသရှိ ထောင်နဲ့ချီတဲ့ အာဟာရချို့တဲ့ ကလေးငယ်တွေကို ကယ်ဆယ်ဖို့ ရန်ပုံငွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောကြားလိုက်ပါတယ်။ ယူနီဆက်ဖ်ရဲ့ မေလ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် အနည်းဆုံး ၇ သိန်း ၇ သောင်းဟာ အာဟာရဓာတ် ချို့တဲ့မှုကို ခံစားနေရတယ်လို့ ဆိုပါတယ်။ “ကွန်ဂိုနိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပြီးနောက် ပြန်လာကြတဲ့ ကလေးငယ်တွေမှာ အာဟာရဓာတ် ချို့တဲ့မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ ကလေးငယ် ၇ သိန်း ၇ သောင်းဟာ အာဟာရဓာတ်ချို့တဲ့မှု ကြုံတွေ့နေရပြီး အဲဒီထဲက ကလေး ၄ သိန်းဟာ အလွန်အမင်း ချို့တဲ့နေတာပါ။ အာဟာရဓာတ် အလွန်အမင်း ချို့တဲ့နေတဲ့ ကလေးငယ်ဟာ အချိန်မရွေး သေဆုံးနိုင်ပြီး ကလေးငယ်တွေဟာ သိပ်ကို နုနယ်ပါတယ်။ ဒီိအရေအတွက်က အခုမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအတွက် ရန်ပုံငွေမရှိတာကတော့ တကယ်ကို ဆိုးပါတယ်” လို့ ယူနီဆက်ဖ် ပြောခွင့်ရပုဂ္ဂိုလ် ခရစ္စတိုဖီဘူလဲရက်က ပြောပါတယ်။ ဆက်လက်ပြီး သူက “ကျေန်ာတို့ ပြောချင်တာက ကာဇိုင်းဒေသက ကလေးငယ်တွေ သေဆုံးမယ့် အန္တရယ် ရှိနေတာ မဟုတ်ပါဘူး။ သေဆုံးနေကြတာပါ။ အခုချိန်မှာ ကျနော်တို့ဘက်က အမြန်တုံ့ပြန်ဖို့ သိပ်ကို အရေးကြီးပါတယ်။ မဟုတ်ရင် တအားနောက်ကျသွားပါလိမ့်မယ်” လို့လည်း ဆိုပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ကာဇိုင်းဒေသမှာ ၂၀၁၆ ခုနှစ်က အစိုးရတပ်တွေနဲ့ စစ်သွေးကြွတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ခန့်မှန်းလူဦးရေ ၁ သန်းခွဲဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ အခုအခါမှာတော့ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ မိမိတို့ရဲ့နေရပ်ထံ ပြန်လာခဲ့ပေမယ့် အငတ်ဘေးနဲ့ ရောဂါဘေးတို့ဟာ စစ်ဘေးလိုပဲ ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up