နိုင်ငံခြားသားကုမ္ပဏီများကို မြန်မာပြည်တွင်း လက်လီလက်ကား ရောင်းချခွင့်ပြုပြီ
DVB
·
May 11, 2018

နိုင်ငံခြားသားကုမ္ပဏီတွေ၊ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေကို မေလ ၉ ရက်ကစပြီး မြန်မာပြည်တွင်းမှာ လက်လီလက်ကား ရောင်းချခွင့်ပြုလိုက်ပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်လီ၊ လက်ကား ရောင်းချဖြန့်ဖြူးသူတွေအကြား မျှတတဲ့ ယှဉ်ပြိုင်မှု တိုးတက်စေခြင်းအားဖြင့် စားသုံးသူတွေအတွက် ဈေးနှုန်းလျော့ကျပြီး ရွေးချယ်ခွင့် ပိုမိုရရှိလာစေဖို့ ရည်ရွယ်ပြီး ခွင့်ပြုလိုက်တာလို့ မေ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ရောင်းချဖြန့်ဖြူးမှုလုပ်ငန်းတွေမှာ ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှု အရည်အသွေး၊ နည်းပညာတွေတိုးတက်စေဖို့နဲ့ ပြည်တွင်း ထုတ်ကုန်တွေ ဈေးကွက်ပိုမိုရရှိပြီး အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
လက်လီ၊ လက်ကားရောင်းချတဲ့ လုပ်ငန်း ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံသား အပြည့်အဝ ဆောင်ရွက်တဲ့ ကုမ္ပဏီ၊ နိုင်ငံခြားသား အပြည့်အဝ ဆောင်ရွက်တဲ့ ကုမ္ပဏီ၊ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်တဲ့ ဘယ်ကုမ္ပဏီမဆို ပူးတွဲပါ စည်းကမ်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်သွားရမှာဖြစ်ပြီး စည်းကမ်းချက်တွေကို လိုအပ်သလို ပြင်ဆင်သတ်မှတ် ထုတ်ပြန်မယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြပါတယ်။