မိမိဆန္ဒအလျောက် သေဆုံးရန် ဆေးရုံသို့သွားခဲ့သည့် သိပ္ပံပညာရှင်

ဓာတ်ပုံ - AFP
အသက် ၁၀၄ နှစ်အရွယ် သြစတြေးလျနိုင်ငံသား သိပ္ပံပညာရှင်ကြီးတဦးဟာ မိမိဆန္ဒအလျောက် သေဆုံးဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဆေးရုံရှိရာ ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ကျော်ကြားလှတဲ့ ဂေဟဗေဒပညာရှင် ဒေးဗစ်ဂွတ်ဒေါလ်ဟာ သေစေလောက်တဲ့အထိ ရောဂါဝေဒနာမရှိဘဲ မိမိဆန္ဒအလျောက် သေဆုံးဖို့အတွက် ဆွစ်ဇာလန်နိုင်ငံ ဆေးရုံဆီ ရောက်အပြီး လူတွေ သေဆုံးချင်တဲ့အခါမှာ လွတ်လပ်စွာ ရွေးချယ်သင့်တယ်လို့ ပြောလိုက်ပါတယ်။ သူ့ဘဝကို သူ့ဆန္ဒအတိုင်း အဆုံးသတ်ဖို့ သြစတြေးလျနိုင်ငံကနေ ခရီးထွက်လာခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ သေဆုံးမယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံဖွား ပညာရှင်က သူ သေဆုံးဖို့ ဆုံးဖြတ်နိုင်တာကို ပျော်တယ်လို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ “ဆိုးရွားစွာ အိုမင်းလာမှု” ဆိုတဲ့ စာသားပါ ခေါင်းစွပ်အနွေးထည်ကို ဝတ်ဆင်ထားတဲ့ ဂွတ်ဒေါလ်က “သင့်တော်တဲ့အချိန်ရောက်လာရင် တဦးတယောက်က သေဆုံးဖို့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသင့်တယ်” လို့လည်း ပြောပါတယ်။ “ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်ကတည်းက ကျနော့်ရဲ့စွမ်းရည်တွေ ကျလာတယ်။ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ကျနော့်အမြင်အာရုံက မရတော့ဘူး။ ကျနော် အသက် ဆက်မရှင်ချင်တော့ဘူး။ မနက်ဖြန် ဘဝကိုအဆုံးသတ်ဖို့ အခွင့်အရေး ရှိတာကိုလည်း ကျနော် ဝမ်းသာတယ်” လို့ သူက ဆက်ပြောပါတယ်။ သြစတြးလျနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကူညီတာက တရားမဝင်ဖြစ်လို့ ဆွစ်နိုင်ငံရဲ့ ဘေဆယ်မြို့ကို ခရီးထွက်ခဲ့ရတာပါ။ သူ သေဆုံးဖို့ ဆေးထိုးမယ်ဆိုတာကို နားလည်ပေမယ့် အစီအစဉ် အသေးစိတ် ဘယ်လိုဆိုတာနဲ့ ဘယ်အချိန်မှာ သေဆုံးရမယ်ဆိုတာတော့ မသိဘူး။ သူ့ရဲ့ မိသားစုဝင်တချို့လည်း အတူရှိနေမယ်လို့ သူက ပြောပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကူညီပေးတာက ၁၉၄၀ ခုနှစ်တွေထဲက တရားဝင်ဖြစ်နေပြီး နယ်သာလန်နိုင်ငံမှာတော့ ကုသလို့မရတော့ဘဲ ဝေဒနာကို မခံစားနိုင်တော့တဲ့ လူနာတွေ သေဆုံးဖို့အတွက် ဒီဥပဒေကို ၂၀၀၂ ခုနှစ်မှာ ကျင့်သုံးခဲ့ပါတယ်။ နိုင်ငံတော်တော်များများမှာတော့ ကုလို့မရတဲ့၊ ဝေဒနာ မခံစားနိုင်တော့တဲ့ လူနာကို သတ်ပေးတာနဲ့ ဆရာဝန်တွေရဲ့ အကူအညီနဲ့ သတ်ပေးတာက တရားမဝင်ဖြစ်နေဆဲဖြစ်ပြီး သြစတြေးလျနိုင်ငံကလည်း ဒီလိုလုပ်ခွင့်ကို တားမြစ်ထားပါတယ်။ ဒါပေမယ့် ဗစ်တိုးရီးယားပြည်နယ်ကတော့ ကုမရ ဝေဒနာမခံစားနိုင်တော့တဲ့ လူနာကို ကူညီပြီး သတ်ပေးတဲ့ ဥပဒေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမဦးဆုံး ပြဋ္ဌာန်းခဲ့ပြီး ဒီဥပဒေက ၂၀၁၉ ခုနှစ် ဇွန်လမှ သက်ရောက်မှုရှိမယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ သိပ္ပံပညာရှင် ဂွတ်ဒေါလ်က သူ့မှာ လုပ်စရာတွေ အများကြီးရှိပေမယ့် အခုက အရမ်းနောက်ကျနေပြီ၊ ဒီကိစ္စတွေ မပြီးမြောက်သေးဘဲ ထားခဲ့ရတာကိုလည်း သူ ပျော်ရွှင်ပါတယ်၊ နောင်တမရဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up