DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့ လူသတ်မှုနှင့်ပတ်သက်ပြီး သက်သေများကို ခေါ်ယူမေးမြန်း
DVB
·
June 20, 2012
Donate to DVB

ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ သံတွဲမြို့ကနေ လိုက်ပါလာတဲ့ ခရီးသည် ၁၀ ဦး ရိုက်နှက်ခံရကာ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဆင့် စုံစမ်းစစ်ဆေးရေး အဖွဲ့က တောင်ကုတ်မြို့မှာ လူပေါင်းများစွာကို စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဥပဒေမဲ့ပြုမှုဆောင်ရွက်ချက်တွေနဲ့ လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့  ပြည်ထောင်စု အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်း တာဝန်ပေးတာကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။

အခင်းဖြစ်စဉ်က ဓာတ်ပုံမှာပါသူတွေနဲ့ စစ်ဘက်၊ အရပ်ဘက်က စုဆောင်းထားတဲ့ မျက်မြင်သက်သေတွေကို တောင်ကုတ်မြို့က တပ်ရိပ်သာမှာ ခေါ်ယူမေးမြန်းနေတာလို့ ဒေသခံ တဦးက ပြောပါတယ်။

“ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့လေ၊ ဒီလ ၃၀ ရက်နေ့မှာ သမ္မတကို တိုက်ရိုက် အစီရင်ခံစာ တင်ရမယ့် အဖွဲ့၊ အဲဒီက တောင်ကုတ်မှာစစ်ဆေးတယ်၊ ငါးရက်လောက်ရှိပြီ။ လူအကုန်လုံး ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိမယ်။ ဒီနေ့ပြီးသွားပြီထင်တယ်။”

ပြီးခဲ့တဲ့မေလကုန်ပိုင်းက စစ်တွေမှာ အခင်း ၃ ခုဖြစ်ခဲ့ပါတယ်။ တခုက ကျောက်နီမော်ရွာမှာ အမျိုးသမီးတဦး သတ်ဖြတ်ခံရပြီး အဲဒီအမျိုးသမီးဓာတ်ပုံကို တောင်ကုတ်မှာ မနက်ပိုင်းဖြန့်ဝေပြီး ညနေစောင်းမှာ သံတွဲကနေလာတဲ့ကားပေါ်ပါ မွတ်ဆလင် ၁၀ ဦး သတ်ဖြတ်ခံရပါတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင် မရှေးမနှောင်းမှာ စစ်တွေမြို့မှာ လူတယောက်ပျောက်တယ်ဆိုတဲ့ သတင်းအပေါ် အခြေခံပြီး လူအုပ်စုတစုက ရဲစခန်းကို တောင်းဆိုရာက အဓိကရုဏ်းဆန်ဆန်ဖြစ်ပြီး ရဲက ပစ်ခတ်နှိမ်နင်းမှုဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ် မောင်တောမှာ မီးရှို့ လူသတ်မြှုဖစ်ရာက အစပြုလို့ ဒေသတွင်း မတည်မငြိမ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ညမထွက်ရအမိန့်ထုတ်သလို မနိုင်တော့တာကြောင့် တပ်ကိုသုံးနိုင်အောင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးက ရခိုင်ပြည်နယ်အခြေအနေ တည်ငြိမ်စပြုပြီလို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ညပိုင်းမှာတင် စစ်တွေမှာ မီးလောင်ခဲ့ပါတယ်။

မနေ့က ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာမှာဆက်ဖြစ်တဲ့ အခင်းမှာ  ရခိုင်လူမျိုး ၄ ဦးသေဆုံးပြီး ၇ ဦး ပျောက်နေတဲ့အကြောင်းနဲ့ အဲဒီရွာကို တပ်နဲ့ ရဲတို့ ရောက်ရှိ ထိန်းသိမ်းခဲ့တယ်လို့ မြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ အမျိုးသမီးငယ် သေဆုံးမှုနဲ့ပတ်သက်လို့ လူငယ် ၂ ဦးကို တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဒုရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း အပါအ၀င် ၁၆ ဦးပါ အဲဒီအဖွဲ့ဟာ အဖြစ်မှန်ဖော်ထုတ်စစ်ဆေးပြီး ဒီလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး သမ္မတထံ အစီရင်ခံရမှာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၅ ရက်အတွင်းမှာ မှုခင်းဖြစ်ရတဲ့အကြောင်းရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုနဲ့ ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်းမဖြစ်မီနဲ့ ဖြစ်ပြီး ကာလ ဥပဒေနဲ့အညီဆောင်ရွက်မှု၊ ဆောင်ရွက်နိုင်တဲ့ အခြေအနေ၊ အဖွဲ့ရဲ့ ထင်မြင်ချက်၊ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို ဆောင်ရွက် အစီရင်ခံ တင်ပြကြရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013