Live
Home
မြန်မာသတင်း
ပျက်စီးသွားသည့် ညောင်လေးပင် မုက္ခမူကျေးရွာလမ်းကို ပြုပြင်ဖောက်လုပ်ပေးရန် တောင်းဆို
DVB
·
May 10, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ မုက္ခမူ-ချိန်ချောင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်သွားရာမှာ မြေစာတွေ ပုံထားခဲ့တာကြောင့် လမ်းပျက်စီးပြီး သွားလာရေးတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညောင်လေးပင်မြို့က လယ်ယာမြေတွေ ရေကြီးနစ်မြုပ်မှု မခံရစေဖို့ ဒီနှစ်မှာ တိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ မုက္ခမူ-ချိန်းချောင်းကို ဆိုင်ကွလေးကျေးရွာကနေ မုက္ခကျေးရွာအထက်ပိုင်းအထိ ၈ မိုင်နီးပါးကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဇန်နဝါရီလကစပြီး သန်း ၅၀၀ အကုန်ကျခံ တူးဖော်ခဲ့တာပါ။ မုက္ခမူကျေးရွာရှိ အဆိုပါလမ်းဟာ အကျယ် ၆ ပေ၊ အရှည် ၁ မိုင်ခွဲနီးပါးရှိပြီး တောင်သူတွေအနေနဲ့ နှစ်ပေါင်းများစွာကတည်း ရာသီကုန်နဲ့ စက်ယန္တရားတွေ သွားလာဖို့ အဓိကအားထား အသုံးပြုနေတဲ့ ကုန်ထုတ်လမ်းတခုလည်း ဖြစ်ပါတယ်။ လမ်းပျက်စီးတာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆည်မြောင်းဦးစီးတို့ကို တင်ပြထားခဲ့ဖူးပြီး လာရောက်ပြုပြင်ပေးမယ်လို့ ကတိပေး ပြောဆိုခဲ့ပေမယ့် အခုအချိန်ထိ မပြင်ပေးသေးဘူးလို့ တောင်သူဦးဇော်မင်းလှိုင်က ပြောပါတယ်။ “သူတို့ လာတူးဖော်တုန်းက ပြန်လုပ်ပေးမယ်လို့ ကတိပေးတယ်။ သူတို့လုပ်ငန်းလည်း ပြီးရော တယောက်မှ လာပြီးမလုပ်ပေးတော့ဘူး။ အခု မိုးရာသီလည်း ရောက်တော့မယ်။ မျိုးစပါးတွေ သယ်ဖို့ လမ်းမရှိတော့ဘူး။ သူတို့ လုံးဝလာမလုပ်ပေးရင် ဒီနှစ်မှာ ကျနော်တို့ စိုက်ပျိုးဖို့ အဆင်မပြေနိုင်ဘူး။” ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးညွန့်လွင်က “သွားလမ်းလာလမ်း ပိတ်တာကြောင့် ဒီနေရာကို လမ်းပြန်ဖောက်ပေးခဲ့ပါ ဆိုတာကို တရားဝင် ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် စာတင်ရမှာဖြစ်ပြီး အဲဒီလို တင်ပြထားမှုမရှိဘဲ လုပ်ငန်းအကုန်ပြီးစီးတဲ့အခါမှ လမ်းပြန်ဖောက်ပေးပါ ဆိုတာတော့ ကျနော်တို့အနေနဲ့ လုပ်ပေးဖို့ အခက်အခဲရှိတယ်။ အဲဒီချိန်ကာလက ဒီနေရာမှာ ကုန်ထုတ်လမ်း ရှိပါတယ်လို့ ပြောပြရင် အားလုံး လုပ်ပေးလို့ရတယ်။ ရှင်းရှင်းပြောရရင် အရင်တုန်းက ဒီချောင်းကမ်းပါးဘေးမှာ လမ်းမရှိဘူး။ ကျနော်တို့ တူးလိုက်တဲ့ မြေစာပုံလည်းရှိရော အဲဒီအပေါ်မှာ လမ်းဖောက်ချင်လို့  ထပ်ပြီးတောင်းဆိုတာလို့ မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီနှစ် စိုက်ပျိုးရာသီချိန်အမီ ဆည်မြောင်းဌာနအနေနဲ့ လာရောက်ပြုပြင်ပေးခြင်း မရှိပါက မုက္ခမူကျေးရွာသားတွေ စုပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သွားဖို့ အစီအစဉ်ရှိတယ်လို့ လည်း သိရပါတယ်။ သတင်း - နေလင်းထိုက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024