DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကော်မတီနှင့် ဂီတ၊ သဘင်၊ ပန်းချီပန်းပု လောကသားများ တွေ့ဆုံ
DVB
·
June 20, 2012
Donate to DVB

ပန်းချီ၊ ပန်းပု၊ ဂီတနဲ့ ဇာတ်သဘင်လောကသားတွေဟာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို ပြည်သူ့လွှတ်တော်အဆင့် ကော်မတီဝင်တွေနဲ့ လူချင်းတွေ့ဆုံပြီး တရားဝင် တင်ပြလိုက်ကြပါတယ်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနဲ့ ဂီတနဲ့သဘင်လောကသားတွေ  ရန်ကုန်မြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ  ခိုးကူးခွေကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် မနှိမ်နင်းပေးတဲ့အတွက် ဂီတလောက ပြိုလဲမလိုဖြစ်နေတဲ့အကြောင်း၊ ပွဲမိန့်ရဖို့ ကြန့်ကြာပြီး ပွဲမိန့်ရတဲ့အခါမှာလည်း သက်ဆိုင်ရာက မေတ္တာလက်မှတ် မတန်တဆ အလကားတောင်းခံလို့ ပေးနေရတဲ့ကိစ္စတွေ အပါအ၀င် ကြုံနေရတဲ့ အခက်အခဲအထွေထွေကို တင်ပြကြတယ်လို့ ကော်မတီအဖွဲ့ဝင် သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

လွှတ်တော်ကော်မတီနဲ့ တွေ့ဆုံရာမှာ တင်ပြခဲ့တာတွေကို စိန်မာဒင်ဇာတ်သဘင်အဖွဲ့ရဲ့ ဦးမိုးဝင်းက ခုလို ပြောပြပါတယ်။

“အခက်အခဲတွေက အများကြီးတင်ပြခဲ့ရတာပေါ့။ ဇာတ်သဘင်ကားတွေ အဆင်မပြေဘူး ခဏ ခဏ မှောက်တဲ့ကိစ္စတွေ။ ဇာတ်သဘင်တာဝန်ကလည်း ထမ်းဆောင်ရသေးတယ်။ ရှေ့နဲ့နောက် ငှားရမ်းသုံးစွဲနေရတော့ စရိတ်စကကြီးမြင့်တာတွေ၊ နောက် ရုံနေရာတွေပျောက်သွားတယ်။ ရန်ကုန်နဲ့ မန္တလေး၊ အနယ်နယ်အရပ်ရပ်မှာက မြို့တွေချဲ့ကြတော့ ဇာတ်သဘင်ရဲ့နေရာတွေ၊ ကပြဖျော်ဖြေမှုတွေ၊ ဘုရားပွဲတွေလည်း ပျောက်သွားတဲ့အတွက် အခက်အခဲရှိတာတွေ တင်ပြပါတယ်။ နောက် လက်မှတ်တောင်းတဲ့ကိစ္စက အခုထိရှိနေတုန်းပဲဗျ။ တချို့နေရာတွေမှာဆို မေတ္တာလက်မှတ်က အစောင်၂၀၀ ကျော်။ ဖျာ ၄၀၊ ၅၀။ ပွဲကြီးရင် ကြီးသလိုပေးရတယ်။ ပြီးတော့ ဖျာတွေကို ပြန်ရောင်းစားတယ်လေ။ ပွဲရုံရှေ့မှာ လာရောင်းတာနော်။

ကျနော်တို့မှာ ခံစားရတယ်လေ။ ပြန်လည်းမပြောရဲဘူးလေ အရင်တုန်းက။ ပြောရင်လည်း အကျိတ်အခဲထားပြီး တခုခုလုပ်လိုက်တာမျိုးတွေပေါ့။ မြေနေရာတွေ ရရှိရေးလည်း ကျနော်တောင်းပါတယ်။ သဘင်အဆောက်အဦ၊ သဘင်အစည်းအရုံး ကိစ္စတွေ၊ ဇာတ်ရုံနေရာကြီးတွေ ရှိမှဖြစ်မယ်။ နိုင်ငံခြားသားတွေ၊ ဧည့်သည်တွေလာလို့ တင်ဆက်ကပြမယ်ဆိုရင် ကျနော်တို့မှာ သနားစရာကောင်းတဲ့ ဘ၀တွေပေါ့လေ အမိုးမရှိအကာမရှိ စုတ်ပြတ်သပ်နေပြီးတော့။ ဒါမျိုးတွေ ဖြစ်ကုန်တာ ကျနော်တို့ရဲ့ ဇာတ်သဘင်ဘ၀တွေက။”

အခုလို ဂီတ၊ သဘင်တို့က တင်ပြလာတဲ့ ကိစ္စရပ်တွေအပေါ် လွှတ်တော်ကော်မတီအနေနဲ့ ဘယ်လို ဆောင်ရွက်ဖို့ရှိလဲဆိုတာနဲပတ်သက်ပြီး ဦးရဲထွန်းက အခုလို ပြောပါတယ်။

“သူတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီးတော့ ကျနော်တို့ရဲ့ ကော်မတီက ပြန်ပြီးတော့ ဒီဟာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြန်ထိုင်ရလိမ့်မယ်။ ဥပမာ အောက်ခြေမှာ မြို့နယ်တွေက ပွဲမိန့်တောင်းတာကို တင်းကျပ်ထားတဲ့ကိစ္စ၊ ပွဲမိန့်ပေးပြီး မေတ္တာလက်မှတ်တောင်းတဲ့ကိစ္စ၊ ဒါတွေက အောက်ခြေထိ ကျနော်တို့ရဲ့ အပေါ်ကလုပ်ဆောင်နေတဲ့ ဒီမိုကရေစီစနစ်အရ သွားနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုက အောက်အထိ မရောက်သေးဘူး ဆိုတာ ပေါ်နေတယ်။ ဒါမျိုးတွေကို ဘယ်လိုလုပ်မလဲ၊ အရင် အာဏာရှင် ခေတ်က လိုပဲ ငွေကြေးတောင်းခံတာတို့၊ တနည်းနည်းနဲ့ ကျပ်ထားတာတို့၊ အဲဒါမျိုးတွေ ဆက်ရှိနေတယ်။ အဲဒါမျိုးတွေလည်း သူ့သက်ဆိုင်ရာ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေ က ဆောင်ရွက်သင့် တာ ဆောင်ရွက်ပေးရပါလိမ့်မယ်။”

ကော်မတီဟာ ဇွန် ၂၁ ရက်နေ့မှာ စာနယ်ဇင်းမီဒီယာ လောကသားတွေနဲ့ တွေ့ဆုံပြီး၊ လာမယ့် လွှတ်တော်မှာတင်ဖို့ရှိတဲ့ ပုံနှိပ်မီဒီယာဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013