သဘာဝဘေးအန္တရာယ်လျှော့ချရေး အစီအစဉ်နှင့်ပတ်သက်ပြီး မေးမြန်းချက်
ပီတာအောင်
·
June 20, 2012

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ မြို့ပြနဲ့ အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် UN-HABITAT နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာတခု သဘော တူ လက်မှတ်ထိုးလိုက်ကြ တယ်လို့ UN-HABITAT အဖွဲ့က အခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီသဘောတူညီချက်အရ သဘာဝဘေးကာကွယ်ရေးနဲ့ သဘာဝဘေး ဒုက္ခသည်အတွက် ရှေ့ဆက် ဘာတွေဆောက်ရွက်ပေးဖို့ ရှိသလဲဆိုတာကို UN-HABITAT (မြန်မာ)ရဲ့ အကြံ ပေးပုဂ္ဂိုလ် ဦးဒန်ဇလ် အေဘလ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားပေးရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ UN-HABITAT အဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သဘာဝဘေး ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တော့ နားလည်မှု စာချွန်လွှာသဘောတူလက်မှတ် ထိုးတာ တွေ့ရပါတယ်။ အဲတော့ ဒီ သဘောတူပြီး နောက်ပိုင်းမှာ ဘာတွေ အကောင်အထည် ဖော်သွားဖို့ ရှိပါသလဲ။
“အများကြီးရှိပါတယ်။ ဥပမာ၊ တန်ဖိုးနည်းအိမ်ယာတွေဆောက်လုပ်ဖို့ တို့၊ ရေရရှိရေးတို့၊ အရေးပေါ် ပံ့ပိုးကူညီမှုတို့၊ အများကြီး လုပ်ဖို့ရှိပါ တယ်။ ကျနော်တို့ အစီအစဉ်တွေလည်း ရှိပါတယ်။”
အခုလိုမျိုး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရနဲ့ စာချုပ်ချုပ်လိုက်တဲ့အတွက်ကြောင့် ဘာတွေ အကျိုးရှိလာနိုင်သလဲ၊ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ဘာတွေပိုပြီးတော့ ဆောင်ရွက်လာနိုင်မလဲလို့ ထင်မြင်သလဲ။
“ပိုပြီးတော့ ဆောင်ရွက်မယ်ဆိုတာ- ကျနော်တို့က လုပ်နေတာက အဆင့်မှီစံမီတဲ့ အစီအစဉ်တွေ ကျနော်တို့လုပ်တယ်။ ညှိနှိုင်းပြီးတော့ လုပ်တာရှိတယ်။ သဘာဝဘေးအန္တရာယ် လျော့ချရေးနဲ့ပတ်သက်လို့ ကျနော်တို့ အစိုးရနဲ့ ပေါင်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ လက်တွေ့လုပ်တာတွေ အများကြီးရှိပါတယ်။ ကျနော်တို့အချင်းချင်း ညှိပြီးတော့ ပညာပေးမှုအပိုင်း၊ လက်တွေ့အပိုင်းမှာ ပြည်သူတွေထောက်ပံ့ဖို့ လုပ်ပေးဖို့တွေ အများကြီး လုပ်ပါတယ်။”
နာဂစ်မုန်တိုင်း ကာလတုန်းကလည်း ကူညီပေးခဲ့တာရှိတယ်။ အခုနောက်ပိုင်းမှာ အကူအညီပေးမှုတွေက လုံးဝနီးပါး ရပ်တန့်သွားတယ်ဆိုတော့ ဒီလူတွေ ရှေ့ဆက် ဘ၀ရပ် တည်နိုင်ဖို့ အတွက်ကော ထပ်ပြီးလုပ်ပေးတာရှိလား။
“UN-HABITAT အနေနဲ့ ကူညီတာတွေ အများကြီးရှိတယ်။ ဟိုတလောကပဲ ကွမ်းခြံကုန်းမှာ နာဂစ်ဒုက္ခသည်တွေ သူတို့ဒုက္ခရောက်နေတာ တော်တော်ကြာနေပြီ။ အခုကျမှ ကျနော်တို့ အိမ်နဲ့ ယာနဲ့ တင်ပေးလို့ရတာပေါ့၊ ၄၃၁ လုံး အိမ်တွေ ဆောက်ပေးတယ်။ ပေ ၂၀ - ပေ ၆၀ အိမ်တွေ၊ သွပ်မိုး၊ ထရံကာပေါ့၊ တောင့်တောင့်တင်းတင်းနဲ့ နေလို့ရတယ်။ မီးဖိုချောင်တွေ၊ အိမ်သာတွေ ဆောက်ပေးတယ်။ သူတို့အတွက် ဘ၀လုံခြုံမှုအတွက် နည်းနည်းပါးပါးတော့ ရသွားပြီပေါ့။ အများကြီးတော့ လုပ်စရာတွေ ကျန်ပါသေးတယ်။ ဆက်ပြီးတော့ ကြိုးပမ်းပြီး လုပ်ပေးဖို့ အများကြီးရှိပါတယ်။”
နောက် တာချီလိတ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒုက္ခသည်တွေ၊ ပခုက္ကူဘက်က ရေဘေးဒုက္ခသည်တွေအတွက် ကောဘာတွေများ အကူအညီ ပေးနိုင်ခဲ့လဲ။
“ပခုက္ကူနဲ့ ပတ်သက်လို့တော့ UN-HABITAT က ၀င်လို့မရပါဘူး။ သို့သော် တာချီလိတ်နဲ့ပတ်သက်လို့ ငလျင်ဒဏ်ကို ခံနိုင်မယ့် အဆောက်အဦတွေ ဆောက်နိုင်အောင် ဘာလုပ်ထားလဲဆိုတော့ UN-HABITAT ဆိုတဲ့ နည်းပညာ တီထွင်ထားတာ ရှိပါတယ်။ Asian Institute of Techonology လေ ဘန်ကောက်မှာပါ။ အဲဒါနဲ့တွဲပြီးတော့ HABITAT ဆိုတဲ့ နည်းပညာ ထွင်ထားတယ်။ အုတ်လုပ်တဲ့စက်ပေါ့။ နေပူလှန်းပြီး အုတ်လုပ်တဲ့စက်၊ အဲဒီစက်လေးနဲ့လုပ်ရင် အုတ်က လုပ်ရတာလည်း လွယ်တယ်။ စရိတ်လည်းသိပ်မကြီးဘူး၊ အဲဒါကို သုံးပြီး ဘိလပ်မြေမသုံးဘဲနဲ့ အိမ်လေးတွေဆောက်လို့ရတယ်။ ငလျင်ဒဏ်ကို ခံနိုင်တဲ့ အိမ်တွေပေါ့။ အဲဒါကို ကျနော်တို့ တာလေဘက်မှာ လက်တွေ့အားဖြင့် ဆောက်ပြီးတော့ စက်တွေပေးထားပါတယ်။”
သူတို့အတွက် ရေရှည်ဘ၀ ပြန်လည်ထူထောင်နိုင်အောင် ယူအန်ကကော၊ အစိုးရကပါ ဘာတွေကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိလဲခင်ဗျ။
“ကျနော်တို့ရဲ့ UN-HABITATရဲ့ ကိုင်တွယ်ဖြေရှင်းပေးတဲ့နည်းကတော့ ကွန်မြူနတီကို အခြေခံပြီးချည်း ကပ်ပါတယ်။ ဥပမာ အိမ်တွေဆောက်တယ်ဆိုရင် ရှိတဲ့ဒုက္ခသည် တွေထဲကနေခေါ်ပြီးတော့ ကော်မတီလေးဖွဲ့တယ်။ ကော်မတီကနေ ဦးစားပေးလုပ်ချင်တာတွေကို ကျနော်တို့ချပေးတယ်၊ လုပ်ပေးတယ်။ ဥပမာ အိမ်ဆောက်မယ်ဆိုရင် ရွာထဲမှာရှိတဲ့ လူတွေရဲ့ လက်သမားတွေကိုခေါ်ပြီးတော့ သင်တန်းပေးတယ်။ လိုအပ်တဲ့ကိရိယာ ထုတ်ပေးတယ်။ အဲဒီဟာတွေနဲ့ လုပ်ပြီးတော့ နမူနာအိမ်ဆောက်ပေးပါတယ်။ အဲဒါပြီးရင် ကျန်တဲ့အိမ်တွေလည်း အဲဒီလက် သမားတွေပဲ သူတို့ကို ဆက်ပြီး ဆောက်ပေးပါတယ်။ သူတို့အတွက် လုပ်ခလည်းရ တယ်။ ပြီးတော့ အသက်မွေးဝမ်းကျောင်းတခုလည်း ရသွားတယ်။ ငွေကြေးနဲ့ပတ်သက်လို့လည်း ကော်မတီလေးဖွဲ့ပြီးတော့ ကော်မတီကနေတဆင့် ကိုင်တွယ်ပါတယ်။
ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေထဲမှာ မြို့ပြစီမံကိန်းတွေ ရေရရှိရေး စီမံကိန်းတွေ လုပ်ဖို့လည်း ရှိတယ်လို့ ကျနော်တို့ကြားတယ်။
“ဥပမာ dry zone မှာ လုပ်ဖို့ရည်ရွယ်ထားပါတယ်။ လုပ်နေပါပြီ စပြီးလုပ်နေပါပြီ။ လူမှုကယ် ဆယ်ရေးဌာနနဲ့ မဆိုင်ပဲနဲ့ ရေရရှိရေးအတွက်ကို လုပ်နေတယ်။”
အစီအစဉ်တွေ ဆက်လုပ်ဖို့ဆိုတာ ရန်ပုံငွေကော လုံလောက်မှုရှိရဲ့လား။
“ကျနော်တို့ အစီအစဉ်တွေ တော်တော်များများ ရပ်သွားတယ်ဆိုပေမယ့် နာဂစ်ဟာတွေ ရပ်သွားတယ်။ ကျန်တဲ့ဟာတွေ ရှိပါတယ်။ ခုနပြောတဲ့ ကွမ်းခြံကုန်းဟာဆိုရင် နော်ဝေး အကူ အညီနဲ့ လုပ်တယ်။ နယူးဇီလန်အကူအညီနဲ့ လုပ်တယ်။ လုပ်လို့ရပါတယ်။ ဟိုတနေ့က ကျနော်တို့ လူမှုကယ်ဆယ်ရေးနဲ့ လက်မှတ်ထိုးသွားတဲ့ MOU ကလည်း ကျနော်တို့ကို အများကြီးပံ့ပိုးမှုရ တယ်။ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက လာတာပါ။”
ပမာဏ လှူဒါန်းငွေ ဘယ်လောက်လောက် ရလဲခင်ဗျ။
“ပရိုဂရမ်တွေအရ သွားကြရတာပါ။ သန်းနဲ့ချီရှိမယ်။”
သဘာဝဘေး ဖြစ်လာလို့ရှိရင် မြန်မာနိုင်ငံမှာ လက်ရှိမြင်တွေ့ရသလောက် သဘာဝေ ဘးအန္တရာယ် တကယ်ကြုံလာလို့ရှိရင် ဒီဟာကို ရင်ဆိုင်နိုင်ဖို့ ဘာတွေလိုအပ်နေ တယ်လို့ ထင်ပါသလဲခင်ဗျ။ ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်ပြီလို့ ထင်ပါသလား။
“အသင့်ဖြစ်ဖို့ အများကြီးလိုပါသေးတယ်။ ဒါပေမယ့် အသိကတော့ ရှိနေပြီ။ အစိုးရကလည်း အသိရှိ။ ပြည်သူကလည်း အောက်ခြေအထိ ဆင်းပြီးတော့ လုပ်နေတာပေါ့။ ဥပမာ ဆိုင်ကလုန်းမုန်တိုင်းကို နာဂစ်တိုက်ခဲ့တုန်းက ဘယ်သူမှ မသိခဲ့ဘူး။ အခု ပညာ ပေးမှုတွေရှိနေတော့ သိကျွမ်းနေပြီ။ ဘာလုပ်ရမယ်။ ဘာကိုင်ရမယ်၊ သိနေကြပြီ။ နောက်တခါ ၀င်လာလို့ မတော်တဆ ဆိုင်ကလုန်းသာ ၀င်တိုက်ခတ်လို့ရှိရင် ကျနော်တို့အနေနဲ့ အများကြီးပိုပြီးတော့ ပြည်သူတွေအတွက်ကို ကာကွယ်ပေးလို့ရမှာပေါ့။ ပြည်သူအတွက် အများကြီး လုပ်ပေးလို့ရမှာပေါ့။”
