DVB Logo
Home
မြန်မာသတင်း
မယ်လစခန်းတွင် နိုင်ငံတကာ ဒုက္ခသည်များနေ့ ကျင်းပ
DVB
·
June 20, 2012
မယ်လစခန်းတွင် နိုင်ငံတကာ ဒုက္ခသည်များနေ့ ကျင်းပ
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှာ ကျင်းပပြီး ဒုက္ခသည် ၅၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ဒုက္ခသည်များနေ့မှာ ဒုက္ခသည်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံပြောင်းလဲ လာမှုအပေါ် ဘယ်ကို သွားလာရမှန်းမသိဘဲ ဆုံးဖြတ်ရခက်ခဲနေတဲ့ အချိန်ဖြစ်နေတဲ့အတွက် ဒီနှစ် Dilemma ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

[caption id="attachment_26876" align="alignleft" width="300" caption="မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“သူတို့အနေနဲ့က အခု လက်ရှိ မြန်မာနိုင်ငံပြန်ဖို့ ကလည်း မလွယ်သေးဘူးလေ။ နိုင်ငံခြား သွားလို့ရတဲ့ သူတွေကလည်း သွားကုန်ကြပြီ။ မသွားရသေးဘဲ လျှောက်ထားဆဲ လူတွေကလည်း ရှိသေးတယ်။”

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ကစားဖူးတဲ့ ဂျပန် နိုင်ငံက ဘောလုံးသမား မစ္စတာ မာရိုရာမာကလည်း ဒုက္ခသည်တွေကို အားပေး မိန့်ခွန်း ပြောဆိုသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“သူပြောသွားတက ဒုက္ခသည်တွေရဲ့ အခြေအနေကို သူစာနာတယ်။ အတတ်နိုင်ဆုံး ကူညီပေးသွား မယ်။ ဘောလုံးသမားတယောက်အနေနဲ့ ဒုက္ခသည်ကလေးတွေရဲ့ ဘ၀မြှင့်တင်ရေးကို သူစိတ်ဝင်စား တယ်တဲ့။”

အခမ်းအနားကို ထိုင်း အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က တာဝန်ရှိသူတွေ အပါအ၀င် မြန်မာ ဒုက္ခသည်အရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့တွေနဲ့ ဒုက္ခသည်စခန်း ကော်မတီတွေကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မယ်လဒုက္ခသည် စခန်းမှာနေတဲ့ ဒုက္ခသည် တဦးက “ဒုက္ခသည် ဆိုတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘယ်သူမှလည်း ဒုက္ခသည်မဖြစ်ချင်ဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေ အများကြီး ဖြစ်ပေါ်လာရတာ။ ဒုက္ခသည်ဖြစ်လာရတဲ့ အတွက်လည်း ၀မ်းနည်းတာပေါ့။ ဒုက္ခသည်ဖြစ်တဲ့အတွက် သူများနိုင်ငံမှာနေတယ်။ ဒုက္ခသည်တွေနေထိုင်ရတဲ့ ပရ၀ုဏ်ထဲမှာရှိနေတယ်။ အပြင်ထွက်လို့မရဘူး။ သူတို့တွေရဲ့ မူဝါဒတွေအရ အပြင်မှာထွက်ပြီးလည်း အလုပ် လုပ်လို့မရဘူးပေါ့။ အဲ့အခွင့်အရေးတွေ ကျနော်တို့ ဆုံးရှုံးတာပေါ့။”

ဒုက္ခသည်များနေ့ကို ရည်ရွယ်ပြီးထုတ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ကြေညာချက်မှာတော့ ‘ဒုက္ခသည်တဦးဖြစ်ပေမယ့် ဒုက္ခသည်အသံကို နားထောင်ပါ’ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထုတ်ပြန်ထားပါတယ်။ ဘယ်နေရာ ဘယ်ဒေသမဆို ဒုက္ခသည်အကြောင်း ဆွေးနွေးပြောဆိုတဲ့အခါမှာ ဒုက္ခသည်တွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့အသံကို နားထောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ မယ်လ ဒုက္ခသည် စခန်းမှာ  ကရင်၊ ကချင်၊ ချင်း၊ ကယန်း၊ မွန်၊ ပအိုဝ်း၊ နာဂ၊ ရှမ်း၊ လီဆူး၊ လားဟူ၊ ဗမာ၊ ရခိုင် အပါအ၀င် မြန်မာ တိုင်းရင်းသား ၄ သောင်း ခန့် နေထိုင်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ အကြီးဆုံး ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ  မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁,၄၀၀၀၀ ခန့်ရှိတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့  ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013