Home
မြန်မာသတင်း
နေတံဆိပ်ဓာတ်ခဲစက်ရုံ အလုပ်သမားများ တောင်းဆိုမှု အလုပ်ရှင်လိုက်လျော
နော်နိုရင်း
·
June 20, 2012
မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ် နေတံဆိပ်ဓာတ်ခဲစက်ရုံက အလုပ်သမားတွေဟာ ဒီနေ့မနက်ကစတင်ပြီး  အချက် ၉ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ အလုပ်ရှင်က လိုက်လျောပေးခဲ့ပါတယ်။ ဒီနေ့ မနက် ၈ နာရီကစပြီး အရင်လစာအပြင် အခြေခံလစာ သုံးသောင်းခွဲ တိုးပေးဖို့၊ လစဉ် ရက်မှန်ကြေး တသောင်းခွဲတိုးပေးဖို့၊ သောက်သုံးရေကို ရေသန့်ဘူးထားဖို့၊ အလုပ်ချိန် ၈ နာရီကျော်ရင် အလုပ်သမား ခံစားခွင့်အတိုင်း သတ်မှတ်ပေးဖို့၊ အလုပ်သမားကတ် တိတိကျကျပြုလုပ်ပေးဖို့၊ အလုပ်ချိန်အတွင်း နေမကာင်းထိခိုက်ရင် စက်ရုံက ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့် အပြည့်အ၀ ပေးဖို့၊ အလုပ်သမား ၀တ်စုံကို ထုတ်ပေးဖို့။ အလုပ်သမား နားနေဆောင် လုပ်ပေးဖို့နဲ့ ဓာတုဆေးသုံးပစ္စည်းများကာကွယ်ဖို့၊ အလုပ်သမားသုံး ပစ္စည်းထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြအလုပ်သမား ၂၀၀၀ လောက်ရှိပြီး နေ့ခင်းပိုင်းမှာတော့ အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေ၊ အလုပ်ရုံမန်နေဂျာနဲ့ အလုပ်သမား ခေါင်းဆောင်တွေ ဆွေးနွေးအပြီးမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးသူ တဦးက ပြောပါတယ်။ “မန်နေဂျာ ဦးကျော်ဝင်း၊ အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေ၊ အလုပ်သမား ဦးဆောင်သူ ၁၅ ဦးခန့်လောက်နဲ့ မနက် ၁၁ နာရီ ၃၀ မိနစ်လောက်က စပြီးတော့ တောင်းဆိုမှုတွေကို ဆွေးနွေးကြတယ်။ နေ့လယ် ၁ နာရီ ၃၀ မိနစ်မှာ ဆွေးနွေးပွဲပြီးတော့ အားလုံးကို လိုက်လျောပေးတယ်။ အခြေခံလစာကို ယခင်လစာအပြင် ၂၆၇၀၀ ထပ်တိုးပေးတယ်။ သောက်သုံးရေကိစ္စတွေကော၊ အရင်ကဆိုရင် သောက်သုံးရေကိစ္စက ဓာတ်ခဲစက်ရုံဖြစ်တဲ့အတွက် ဓာတုဗေဒနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေရှိတာပေါ့။ ရေထဲမှာကော အလုပ်နားနေဆောင်မှာရှိတဲ့ နေရာမှာပါ။ နေ့လယ် ထမင်းစားဆောင်မှာ ထမင်းစားသောက်တဲ့အချိန်မှာ ဓာတုဗေဒနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေ အန္တရာယ်တွေ ရှိကြတာပေါ့။ အဲဒီဟာတွေအားလုံးကို လိုက်လျောပေးပါတယ်။” အခုလ ၈ ရက်နေ့ကလည်း ၇၈ လမ်းနဲ့ ရတနာပုံတက္ကသိုလ်လမ်းမှာရှိတဲ့ အောင်စိန်ချည်မျှင်နှင့် အထည်ဆိုးဆေးလုပ်ငန်းက အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းပေးခဲ့အပြီး ပြေလည်မှုရရှိခဲ့ပြီးနောက်မှာ အလုပ်သမားခေါင်းဆောင် ၁၀ ဦး ကို  အလုပ်ထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024