ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေတိုက်ခန်း တန်ဖိုးများ ပြန်လည်ပြင်ဆင် အတည်ပြုမည်
DVB
·
May 8, 2018
၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်ခြံမြေတိုက်ခန်းတွေရဲ့ ကာလတန်ဖိုးတွေကို မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင် အတည်ပြုသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
မေလ ၈ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်ရဲ့ “ရန်ကုန်တိုင်းအတွင်း ဒေသပေါက်ဈေးနှင့် ညီညွတ်မှု မရှိတဲ့ အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုးစိစစ်ခြင်းတွေကို ပြည်သူလူထု တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်များ ထမ်းဆောင်မှု အဆင်ပြေစေဖို့ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းမှုကို ပြန်ဖြေကြားလိုက်တာပါ။
ရန်ကုန်တိုင်းဒေသကြီးအတွင် အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုး စံနှုန်းသတ်မှတ်ချက်တွေဟာ တချို့နေရာတွေမှာ ဒေသပေါက်ဈေးနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ တိုင်းအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်မှာ ပြောပါတယ်။
ရန်ကုန်တိုင်းရှိ အိမ်ခြံမြေတိုက်ခန်းတွေ ကာလတန်ဖိုးစိစစ်တာကို တနှစ် တကြိမ် အစိုးရက ပြင်ဆင်သတ်မှတ်နေတာပါ။ အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရာမှာ တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေအလိုက်၊ ရပ်ကွက်တွေအလိုက်၊ လမ်းတွေအလိုက် ဘဏ္ဍာနှစ်အစမှာ ဖြစ်ပေါ်နေတဲ့ တက်ဈေး၊ ကျဈေးနှုန်းတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် ပြင်ဆင်သတ်မှတ်တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မြေ၊ အဆောက်အဦ၊ စက်ရုံ၊ အလုပ်ရုံများ တန်ဖိုးစိစစ်ရေး အဖွဲ့ဝင်တွေဖြစ်တဲ့ မြို့တော်စည်ပင် YCDC ၊ ပြည်တွင်းအခွန်၊ မြေစာရင်းဌာနတို့က ကိုယ်စားလှယ်တွေ အပါအဝင် ဌာနကြီး ၁၁ ခုက ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆက်စပ်မေးခွန်းအနေနဲ့ ''အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့မှာ ဌာနဆိုင်ရာတွေအပြင် ပြည်သူတွေပါဝင်နိုင်တဲ့ ဦးရေအထိ တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းမှုကို ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပေးသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။