Homeမြန်မာသတင်း
သတ္တုတွင်းဝန်ကြီးဌာနနှင့် ဂျာနယ်အမှု အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ခံယူရေး တရားရုံးပယ်ချ
သတ္တုတွင်းဝန်ကြီးဌာနနှင့် ဂျာနယ်အမှု အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ခံယူရေး တရားရုံးပယ်ချ
DVB
·
June 20, 2012
သတ္တုတွင်းဝန်ကြီးဌာနက စွဲဆိုထားတဲ့အမှုကို ရပ်ဆိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဆုံးအဖြတ်နာယူဖို့ The Voice Weekly ဂျာနယ်ရဲ့ လျှောက်လဲထားတဲ့အပေါ် ဒဂုံမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ “၀န်ကြီးဌာနအချို့ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းနဲ့ ပတ်သက်ပြီးတော့ သတ္တုတွင်း ၀န်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားတာဖြစ်ပြီး ဒီအမှုကိုရပ်ဖို့ ဂျာနယ်ဘက်က ကြိုးပမ်းချက်ကို တရားရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ ပလပ်လိုက်တာလို့ The Voice Weekly ဂျာနယ်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်က ပြောပါတယ်။
အမှုကို ပလပ်လိုက်တဲ့အတွက် တရားရုံးအဆင့်ဆင့်ကို ပြင်ဆင်မှုတွေ ထပ်မံ တင်သွင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော့်တင်ပြချက် အခြေခံဥပဒေ ခုံရုံးပို့ဖို့ကို တရားရုံးက လက်မခံဘူးပေါ့။ ပလပ်လိုက်တယ်။ ပလပ်လိုက်တော့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေအတိုင်း ကျနော်က ပြင်ဆင်မှုတွေတတ်ရမှာပေါ့။ လောလောဆယ် ခရိုင်ကို တက်ရမှာပေါ့။ ခရိုင်မှာအရေးနိမ့်လို့ရှိရင် ရန်ကုန်တိုင်း တရားလွှတ်တော်ကို တက်ရမှာပေါ့။ အဆင့်မြင့်ဆုံး တရားရုံးချုပ်ထိ စီစဉ်ပြီးတက်လို့ရတဲ့ အခွင့်အရေး ကျနော့်မှာရှိတယ်။ အဲ့အခွင့်အရေးကို ကျနော်သုံးမှာပါ။ ဘာလို့လဲဆိုတော့ ဒါကို ကျနော်တင်ပြတဲ့ ရည်ရွယ်ချက်က ရှေ့မှာလည်း ၀န်ကြီးဌာနတွေက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကို ခုလိုတရားစွဲတဲ့အဖြစ်မျိုးကို တတ်နိုင်သမျှ မဖြစ်အောင်ပေါ့။ ဒီထက်အရေးကြီးတဲ့ အချက်က ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုအကာအကွယ်ပေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာနိသင်ကို ပြည်တွင်းပြည်ပသိနိုင်ဖို့အတွက် ဖော်ပြချင်လို့ပါ။”
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မဆန့်ကျင်ပါက လွတ်လပ်စွာ ရေးသားထုတ်ဖော် ဖော်ပြခွင့် ပေးထားတဲ့အတွက် ၀န်ကြီးဌာန စွဲဆိုချက်ဟာ အဲဒီအချက်နဲ့ ကွဲလွဲနေတယ်လို့ ယူဆတဲ့အတွက် တရားရုံးကတဆင့် အခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူဖို့ တင်သွင်းတာလို့ ပြောပါတယ်။
အခုလို ပလပ်လိုက်တဲ့အတွက် နဂိုစွဲဆိုချက်တွေအတိုင်း နောက်ထပ် ရုံးချိန်းကို ဇွန် ၂၈ ရက်နေ့ ထပ်မံချိန်းဆိုထားပြီး အမိန့်ရပါက ပြင်ဆင်ခွင့်ကို ရန်ကုန် ဘားလမ်းရှိ အနောက်ပိုင်းခရိုင်မှာ တင်သွင်းသွားမယ်လို့ ဆိုပါတယ်။
ဒဂုံမြို့နယ်တရားရုံးက ပယ်ချခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တိုက်ရိုက်မဟုတ်ပေမယ့် တနည်းနည်းနဲ့ ပြင်ဆင်ခွင့် ထပ်မံ တင်သွင်းမယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။
မတ် ၁၂ ရက်နေ့ထုတ် The Voice Weekly တွင် ၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသရေဖျက်မှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။