မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် သေနတ်လု ကျည်မှန်ပြီး ယာဉ်မောင်းလူငယ် ၁ ဦး သေဆုံး
DVB
·
May 7, 2018
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး-ဆီဆိုင်ကားလမ်းမပေါ် လွယ်တင်းရွာနဲ့ ကောင်ငင်ရွာကြား မေလ ၃ ရက်က မူးယစ်ဆေးဝါး ဖမ်းဆီးရာမှ ကားမောင်းသူ လူငယ်တဦး သေနတ်မှန် သေဆုံးသွားတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ပြောပြချက်အရ သိရပါတယ်။
ပဲခူးမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုကွင်းဆက်ကတဆင့် စရဖ၊ ပြည်သူ့စစ်နဲ့ မူးယစ်တပ်ဖွဲ့တို့က မေလ ၃ ရက်မှာ ပူးပေါင်းဖမ်းဆီးရာ ယာဉ်မောင်းက သေနတ်လုတဲ့အတွက် ကျည်မှန်ပြီး သေဆုံးခဲ့တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက ပြောပါတယ်။
“ပဲခူးမှာ ဖမ်းမိတဲ့ တရားခံ လှိုင်မင်းထွန်း ထွက်ဆိုချက်အရ ဟိုပုံးနေ ခွန်ထွန်းတင်ကတဆင့် ရတာပေါ့နော်။ မေ ၃ ရက်နေ့ ခွန်ထွန်းတင်ကို ဖမ်းမိတော့ ခွန်ထွန်းတင် ထွက်ဆိုချက်အရ နမ့်စန်က စိုင်းလူဆီက ရတယ်ပေါ့။ အဲဒါနဲ့ စိုင်းလူကို ဖုန်းနဲ့ မူးယစ်ဆေး မှာခိုင်းပြီး လမ်းပေါ်မှာ စုပေါင်းစောင့်ဖမ်းတာ။ စိုင်းလူက ကားပေါ်ဆင်းပြီး ထွက်ပြေးတယ်။ ယာဉ်မောင်း စိုင်းအောင်ပန့်က သေနတ်လုလို့ ကျည်ထွက်ပြီး မှန်သွားတာ၊ သေဆုံးသွားတယ်။ စိုင်းလူကိုလည်း ပြန်ဖမ်းမိပါတယ်။”
အဖမ်းခံရတဲ့ စိုင်းလူနဲ့ သေဆုံးသူ စိုင်းအောင်ပန့်က နမ့်စန်မြို့၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ ဝိုင်ဟီရွာမှာ နေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ စိုင်းအောင်ပန့် မိဘတဦးကတော့ “ရဲတွေ ဘာကြောင့် ဖမ်းတာလဲ မသိဘူး။ တယောက်ပြောတော့ သေနတ်လုတယ်။ နောက်တယောက်ပြောတော့ ကားရပ်ခိုင်းတာ မရပ်လို့ ပစ်တာ ပြောတယ်။ မိဘတွေအနေနဲ့ မကျေနပ်ဘူး။ အမှန်တရားရဖို့ အမှုပြန်ဖွင့်မယ်” လို့ ပြောပါတယ်။
“သေသွားသူက ကလေးပဲ ရှိသေးတယ်။ သေနတ်လုတယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ မှားပြီး သတ်တာလို့ပဲ မြင်တယ်။ ကလေးက ၁၈ နှစ်ပဲ ရှိသေးတာ။ ယုံလည်း မယုံဘူး။ မကျေနပ်ဘူး”လို့ သေဆုံးသူရဲ့ အစ်မဝမ်းကွဲ နန်းလောင်က ပြောပါတယ်။
မိသားစုအနေနဲ့ သေဆုံးသူက အသက် ၁၈ နှစ်မပြည့်သေးဘူးလို့ ပြောပေမယ့် ရဲတပ်ဖွဲ့ကတော့ အသက် ၂၂ နှစ်ရှိပြီဖြစ်ကြောင်း ပြောပါတယ်။
သေဆုံးသွားသူ စိုင်းအောင်ပန့်ရဲ့အမှုကို သေမှုသေခင်းနဲ့ ဟိုပုံးရဲစခန်းမှာ စစ်ဆေးနေပါတယ်။ အဖမ်းခံရသူ စိုင်းလူနဲ့ အမှုကွင်းဆက်အဖြစ် ဖမ်းမိသူ ခွန်ထွန်းတင်ကိုတော့ ပဲခူးမူးယစ်တပ်ဖွဲ့ကို လွှဲပြောင်းပေးသွားမယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
သတင်း - ခွန်ရာဇာ