DVB Logo
Home
မြန်မာသတင်း
ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကို စစ်ဆေး
DVB
·
June 19, 2012
ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကို စစ်ဆေး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်နေတဲ့ ဇေကမ္ဘာ ကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာ အငြင်းပွားနဲ့ စပ်လျဉ်းပြီး  ဇေကမ္ဘာ ကုမ္ပဏီကို ဒီနေ့စတင် စစ်ဆေးပါတယ်။

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကျေးရွာမြေယာ ကော်မတီက လယ်သမား ၈၅ ဦးကို စစ်ဆေးပြီးတဲ့နောက် ဇေကမ္ဘာကုမ္ပဏီကို စစ်ဆေးတာပါ။ ဇေကမ္ဘာကုမ္ပဏီကိုယ်စား အထွေထွေမ န်နေဂျာ ဦးမြင့်ဇော်ကို စစ်ဆေးပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရွှေနံ့သာကျေးရွာအုပ်စုတွင်းက လယ်မြေ ၈၁၅ ဧကကို ဇေကမ္ဘာ ကုမ္ပဏီကို သီးစားချပေးဖို့ ဆုံးဖြတ်ချက်အပေါ် လယ်သမားတွေက မကျေနပ်ဘဲ မြေယာကော်မတီမှာ တိုင်ကြားလို့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီနေ့ မေးမြန်းရာမှာ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ခုလို ပြောပါတယ်။

“ပိုင်တာက နိုင်ငံတော်ဘက်က မြေကို ပိုင်တယ်။ ကျနော်တို့က အိုးအိမ်ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ စီမံကိန်းကို အကောင်အထည်ဖော်တယ်။ ကျနော်တို့ ကွန်ကရစ်လမ်းတွေ ဖောက်ရတယ်။ လမ်းတွေခင်းရတယ်။ ဓာတ်မီးတိုင်တွေ ဆောက်ရ တယ်။ အခြားသော အခြေခံ အဆောက်အဦတွေ လုပ်ရ တယ်။ နောက်ပြီးတော့ နိုင်ငံတော်ကို မြေကွက်ပြန်သွင်းရတယ်။ အဲ့ဒီရဲ့ ကုန်ကျစရိတ်တွေကြောင့်မို့လို့ ထွက်ပေါ်လာတဲ့ စက်မှုဇုန်မြေကွက်တွေကို ကျနော်တို့က ကာလပေါက်ဈေးနဲ့ ရောင်းတာဖြစ်ပါတယ်။ ရောင်းတဲ့အခါမှာ ၂၀၁၁ တုန်းကဆိုရင် သိန်း ၃၀၀ ကျော်၊ ၄၀၀ လောက်နဲ့ ရောင်းခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေ ဖြစ်လာတဲ့အခါမှာ မြေကွက်တကွက်ကို သိန်း ၇၀၀၊ ၈၀၀နဲ့ ၀ယ်သူတွေကို ပြန်အမ်းခဲ့ပြီး ဖြစ်ပါတယ်။ စက်မှုဇုန် မြေကွက်တွေကို ရောင်းချခြင်းမရှိသေးပါဘူး။”

ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန် ၁၊ ၂၊ ၃ နဲ့ ၄ လုပ်ဖို့ အရင် အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ စက်မှုဇုန် ၁၊ ၂၊ ၃ ပြီးတဲ့အခါမှာလည်း စက်မှုဇုန် ၄ ကို ဆက်အကောင်အထည်ဖော်ဖို့ ဖျက်သိမ်းခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ဆက်လက်ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသစ်ပေါ်ထွန်းလာတာနဲ့အတူ လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေကို ဖော်ထုတ်လာတာဖြစ်ပါတယ်။

ဒီနေ့စစ်ဆေးရာမှာ စက်မှုဇုန်တွေ ဖြစ်တည်လာပုံတွေ၊ စက်မှုဇုန်ထဲက မြေတချို့ကို ဇေကမ္ဘာ က ရောင်းချခဲ့တာတွေကို ပြောခဲ့သလို လယ်မြေမှာ ဆက်လက် ထွန်ယက်စိုက်ပျိုးမယ် ဆိုတာတွေကို ဖြေဆိုခဲ့တယ်လို့ ဦးမြင့်ဇော်က ပြောပြပါတယ်။

မြေယာကော်မတီရဲ့ မေးမြန်းချက်ကို တက်ရောက်နားထောင်ခဲ့တဲ့ လယ်သမားတွေကို ကူညီသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ က ဇေကမ္ဘာ ကုမ္ပဏီ တာဝန်ရှိသူရဲ့ ဖြေဆိုချက်ဟာ ရှေ့နောက် မညီဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“စက်မှုဇုန်အနေနဲ့ ရောင်းစားထားပြီးတော့မှ အခုမှ မြေယာမှုခင်းတွေ ဖွင့်တော့မှ လယ်သမားတွေက လယ်လုပ်ပိုင်ခွင့် ငြင်းတော့မှ ခါတော်မီ လယ်သမားကြီး ထလုပ်တာလား၊ မေးစရာရှိပါတယ်။”

ဒီမြေတွေကို ကုမ္ပဏီနဲ့လယ်သမားတွေ သီးစားအပြိုင်လျှောက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဇေကမ္ဘာကို ချပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လယ်သမားတွေက မကျေနပ်လို့ ကျေးရွာမြေယာကော်မတီ မှာ မြေယာမှုခင်းဖွင့်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ သီးစားပြန်ချဖို့ကိစ္စ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ ဦးနေမျိုးဝေက ရှင်းပြပါတယ်။ ဥပဒေအရဆိုရင် ဆင်းရဲသား လယ်လုပ်သူကို ဦးစားပေးရမယ့် အချက်တွေပါတယ်လို့ သူက ရှင်းပါတယ်။

ဒီလဆန်းပိုင်းမှာ ကျေးရွာမြေယာကော်မတီမှာ စစ်ဆေးနေချိန်မှာပဲ နှစ်ဘက်စလုံးက အဲဒီမြေတွေပေါ်မှာ စပါးအပြိုင် စိုက်နေကြပါတယ်။ လယ်သမားတွေရဲ့ အပြောအရ သူတို့ရဲ့ သက်ရင့်စပါးပျိုးခင်း လက်လေးသစ်လောက်တွင်းကို ကုမ္ပဏီဘက်က သက်နုစပါးပျိုးပင်တွေ ကြဲစိုက်နေတယ်လို့ ဆိုပါတယ်။

ရွှေနံ့သာကျေးရွာအုပ်စုမှာ လယ်မြေတွေကို အစိုးရသိမ်းမယ်လို့ ကောလာဟလ ထွက်ချိန်မှာ ဇေကမ္ဘာ ကုမ္ပဏီက ကြားဝင်ဂရုဏာကြေးပေးပြီး စက်မှုဇုန်တည်နေတာပါ။ ဒါပေမယ့် လယ်သမားတွေက နောက်ပိုင်းမှာ လှည့်ဖျားခံရတယ်လို့ ယူဆပြီး လယ်လုပ်ခွင့် ပြန်တောင်းနေ တာ ဖြစ်သလို ကုမ္ပဏီကလည်း လယ်ပဲစိုက်တော့မယ်လို့ ရပ်တည်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီကို အမျိုးသားလွှတ်တော်အမတ် သူဌေး ဦးခင်ရွှေ ပိုင်ဆိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013