DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်မှုပေါင်း ၂၅၀၀ ကျော်တွင် စစ်ဘက်က ၃၀ ကျော် ပါဝင်
DVB
·
May 6, 2018
အဓမ္မပြုကျင့်မှုပေါင်း ၂၅၀၀ ကျော်တွင် စစ်ဘက်က ၃၀ ကျော် ပါဝင်
Donate to DVB

 

နိုင်ငံတ၀န်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အဓမ္မပြုကျင့်မှုပေါင်း ၂၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘက်က ၃၃ မှု ပါဝင်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ဧပြီ ၃၀ ရက်က တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။

ပြင်သစ်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Ms.Anne Christine Marie Gueguen က ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းက စုံစမ်းစစ်ဆေးရေးလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို ပြစ်ဒဏ် သတ်မှတ်ခဲ့တယ်လို့ ပြောတာကြောင့် ဘယ်အဆင့်ရှိတဲ့ ပြစ်မှုကျူးလွန်သူ ဘယ်လောက်ကို ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကို သိလိုကြောင်း၊ နောင်အနာဂတ်မှာ အဲဒီလို ကိစ္စတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ဆောင်ရွက်နေတယ်ဆိုတာကို သိလိုကြောင်းနဲ့ တပ်မတော်အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ သိထားရပြီး ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ကာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ ဒါကို ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတာကို သိချင်တယ်လို့ ပြောပါတယ်။

ကာဇက်စတန်နိုင်ငံက အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Kairat Umarov ကလည်း  ပြီးခဲ့တဲ့ ရခိုင်မြောက်ပိုင်း ဖြစ်စဉ်တွေအတွင်း အဓမ္မပြုကျင့်မှုအများကြီး ရှိတယ်လို့ ကြားသိခဲ့ရပေမယ့် မြန်မာ့တပ်မတော်က ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖြစ်စဉ် ၃ ခုပဲ ရှိတယ်လို့ သိရတာကြောင့် မိမိတို့ အနေနဲ့ စဉ်းစားဖွယ်ရာဖြစ်နေပါတယ်လို့ ပြောပါတယ်။

ဒီမေးမြန်းချက်တွေရဲ့ အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တခုချင်း ပြန်မဖြေပဲ ခြုံငုံ ဖြေကြားမယ်လို့ ဆိုပါတယ်။

မိမိတို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် နိုင်ငံတနိုင်ငံဖြစ်တာကြောင့် အဓမ္မပြုကျင့်မှု၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုမှ ခွင့်မလွှတ်တဲ့ နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။

ပြီးတော့ မိမိတို့ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ်က တနိုင်ငံလုံးမှာ အဓမ္မပြုကျင့်မှု စုစုပေါင်း ၁၁၁၆ မှု ဖြစ်ပွားခဲ့ပြီး အဲဒီအမှုတွေထဲမှာ တပ်မတော်က ၁၆ မှု၊ ၂၀၁၇ ခုနှစ်မှာ တနိုင်ငံလုံးက တရားရုံးတွေမှာ တိုင်တန်းခဲ့တဲ့ အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၄၂၂ မှုဖြစ်ပွားခဲ့ပြီး စစ်ဘက်မှ ၁၇ မှုပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တယ် လို့လည်း ပြောပါတယ်။

ဆက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးက မိမိတို့ရဲ့ သမိုင်းကို မိမိတို့ကိုယ်တိုင်ရေးထိုးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အရပ်ဘက် တိုင်းရင်းသားတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် တာဝန်ရှိတဲ့ တပ်မမှူး တယောက်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သလို မိမိကိုယ်ကို ခုခံကာကွယ်တာ ဖြစ်ပေမယ့် လူသတ်မှုလို့ သတ်မှတ်ပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာလည်း ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရပ်ဘက် တိုင်းရင်းသား တယောက်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ၊ နာကျင်အောင်လုပ်လို့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့တာနဲ့ နောက်ဆုံးမှာ ရခိုင်ပြည်နယ် အင်းဒင်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကြောင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။

တပ်မတော်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ တပ်မတော်ဖြစ်ပြီး မိမိကိုယ်တိုင်မှာ တပ်မတော်ရဲ့ အကြီးအကဲ တယောက်ဖြစ်ပေမယ့်  မိမိတို့နိုင်ငံမှာ နိုင်ငံရဲ့ ခေါင်းဆောင်သမ္မတ ရှိပါကြောင်း၊ တပ်မတော်အနေနဲ့ သမ္မတရဲ့ ခေါင်းဆောင်မှုအောက်မှာပဲ လုပ်ကိုင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအစိုးရရဲ့ ဦးဆောင်မှုအောက်မှာပဲ ရှိတယ်လို့ ပြောပါတယ်။

ပြီးတော့ တပ်မတော်အနေနဲ့ ဥပဒေကပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အရ လုပ်ကိုင်ဆောင်ရွက်နေတာပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013