Home
မြန်မာသတင်း
ဒုက္ခသည်များ ပြန်ဝင်မည့်လမ်းတွင် မိုင်းထောင်ထားခြင်းမရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
May 6, 2018
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ဝင်မယ့်လမ်းမှာ တပ်မတော်က မိုင်းထောင်ထားတာ မရှိပေမယ့် တခြားအဖွဲ့အစည်းတွေထောင်ထားတာရှိနိုင်ပြီး သတ်မှတ် ဝင်ပေါက်တွေက ဝင်ဖို့ လိုတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ ဧပြီ ၃၀ ရက်က တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။ အီကွေတိုရီးယားနယူးဂီနီနိုင်ငံက အမြဲတမ်းကိုယ်စားလှယ် Mr. Anatolio Ndong Mba က နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ဟာ တပ်မတော်ရဲ့ ကြီးကြပ်မှုအောက်မှာ သွယ်ဝိုက်ပြီးရှိနေတဲ့အကြောင်း၊ ဒုက္ခသည်တွေ ပြန်ဝင်လာမယ့် ဒေသမှာ မြန်မာနိုင်ငံဘက်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ သိရတဲ့အကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့  ဒုက္ခသည်တွေ ဘေးကင်း လုံခြုံစွာ ပြန်လည်ရောက်ရှိလာနိုင်ဖို့ လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။ ဒီအပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေနဲ့ အဲဒီဒေသမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာ မရှိကြောင်း၊ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေက ထောင်ထားတာ ဖြစ်နိုင်ပြီး လက်ရှိအချိန်မှာလည်း အဲဒီလို ဖြစ်စဉ်မျိုး နှစ်ကြိမ်သုံးကြိမ်တွေ့ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ပြီးတော့ နယ်စပ်ဒေသမှာ ဒုက္ခသည်တွေ ပြန်ဝင်လာနိုင်ဖို့ ဝင်ပေါက်တွေ သတ်မှတ်ပေးထားတာကြောင့် အဲဒီက ဝင်လာလို့ အန္တရာယ်ဖြစ်တယ်ဆိုရင် မိမိတို့မှာ အပြည့်အဝ တာဝန်ရှိတာကို လက်ခံပါတယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြဖို့ မလိုပါကြောင်း၊ ဒါပေမယ့် မိမိတို့ အနေနဲ့ မိမိတို့၏ဆန္ဒအလျောက် ကူညီဆောင်ရွက်ပေးလို့ မရဘဲ အစိုးရက တပ်မတော်အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ လိုတယ်လို့ ပြောမှသာ ကူညီဆောင်ရွက်ပေးရပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်လို့ ပြည်သူလူထုဒုက္ခရောက်နေတဲ့ အချိန်မှာတော့ ကူညီ ဆောင်ရွက်ပေးခွင့်ရှိပြီး အဲဒါကို အစိုးရက ခွင့်ပြုထားပါကြောင်း၊ မိမိတို့ တပ်မတော်အနေနဲ့ ဥပဒေကို ကျော်လွန်ပြီး ဘယ်ကိစ္စကိုမှ ဆောင်ရွက်ခွင့် မရှိကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆက်ပြောပါတယ်။ ဆွီဒင်နိုင်ငံက အမြဲတမ်းကိုယ်စားလှယ် Mr. Olof Skoog က မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့် အရေး ချိုးဖောက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အများကြီး စိုးရိမ်ပူပန်နေပြီး မြန်မာ့တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိတဲ့  စုံစမ်းစစ်ဆေးတာတွေကို အကောင်အထည်ဖော် ဆောင်ရွက် လိုကြပြီး ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိစေလိုတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ ပြည်တွင်းရေးကိစ္စရပ် တခုပဲ ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိမိတို့နိုင်ငံ ဒုတိယသမ္မတ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နဲ့ စုံစမ်းစစ်ဆေးခဲ့တာတွေ ရှိခဲ့သလို မိမိတို့ တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ တပ်မတော် စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့လည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ကြောင်း၊ အဲဒီလို စုံစမ်းစစ်ဆေးခဲ့တဲ့ တွေ့ရှိချက်တွေဟာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ အချက်အလက် အမှန်တွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024