DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တိုင်းရင်းသားများ ဆေးတက္ကသိုလ်ဝင်ခွင့်ရမည်
DVB
·
June 19, 2012
Donate to DVB

ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသတွေ မှာ  ဒေသခံဆရာဝန်တွေ ပေါ်ထွန်းလာစေဖို့အတွက် အမှတ်မီစရာမလိုဘဲ ဆေးတက္ကသိုလ် တက်ခွင့်ရမယ့် ပညာရေး အစီအစဉ်သစ်တခုကို ဆေးသိပ္ပံပညာဦးစီးဌာနက စတင်လိုက်ပါတယ်။

ဒီအစီအစဉ်အရ ခက်ခဲဒေသလို့ အစိုးရက သတ်မှတ်ထားတဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ၀၊ ကိုးကန့်နဲ့ ကိုကိုးကျွန်း အပါအ၀င် မြို့နယ် ၈၇ ခုက အထက်တန်း ကျောင်းတွေကနေ  ဒီနှစ် ဆယ်တန်းအောင်တဲ့  ကျောင်းသူကျောင်းသားတွေ အနေနဲ့ ခါတိုင်းနှစ် ဆေးတက္ကသိုလ် ၀င်ခွင့် သတ်မှတ်ထားတဲ့ ရမှတ်ကို မီဖို့မလိုဘဲ  လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ဝေးလံခေါင်ဖျားဒေသမှာ ဒေသခံ ဆရာဝန်တွေ ပေါ်ထွန်းလာဖို့အတွက် အထူးအနေနဲ့ စီစဉ်လိုက်တာလို့ နေပြည်တော် ဆေးသိပ္ပံပညာ ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

“နယ်စပ်ဒေသ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ သူတို့ရဲ့တောင်းဆိုချက်ပေါ့။ အဲဒီအရ ကျမတို့က အဲဒီဒေသတွေ အတွက် အထူးစဉ်းစားပြီး လုပ်ပေးတဲ့ကိစ္စပါ။ တပြေးညီပေါ့၊ ပြည်မနဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအတွက် အထူးကိစ္စရပ် တခုအနေနဲ့ ဆောင်ရွက်ပေးပါဆိုလို့ လုပ်ရတဲ့ ကိစ္စပါ။”

ဒီအစီအစဉ်ထဲမှာ လက်ခံမယ့်  ဆေးတက္ကသိုလ်ကျောင်းသူကျောင်းသား ဦးရေ ကိုတော့ လျှောက်လွှာ နဲ့ ဒေသပေါ်မှာ မူတည်ပြီး စဉ်းစားပေးသွားမယ်လို့ ဆိုပါတယ်။

လျှောက်လွှာပုံစံကို ဇွန် ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ လည်း ကြေညာပေးခဲ့ပြီး အသေးစိတ် အချက်အလက်တွေ အတွက် နေပြည်တော်မှာ ရှိတဲ့ ဆေးသိပ္ပံပညာ ဦးစီးဌာနကိုလည်း ဆက်သွယ် မေးမြန်းနိုင်တယ်လို့ ဌာနဆိုင်ရာ တာဝန်ရှိသူ က ပြောပါတယ်။

လျှောက်ထားသူတွေဟာ ခက်ခဲဒေသနဲ့ အထူးဒေသထဲပါတဲ့ မြို့နယ်က အထက်တန်းကျောင်းမှာ ၃ နှစ် ဆက်တိုက် တက်ခဲ့သူ၊ ၂၀၁၂ တက္ကသိုလ် ၀င်တန်း စာမေးပွဲကို သိပ္ပံတွဲ နဲ့ အောင်မြင်ခဲ့သူ၊ မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပြီး အဲဒီဒေသမှာ အမြဲတမ်းနေထိုင်သူ ဖြစ်ရမယ်။ ဆရာဝန်ဖြစ်ပြီးရင် အဲဒီဒေသမှာ အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရမယ်။ လိုအပ်တဲ့ ထောက်ခံစာတွေနဲ့ အတူ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး တင်ရမယ်လို့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တဲ့ ၀ တပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ခုလို ပြောပါတယ်။

“ဒီဟာကတော့ ကောင်းတဲ့စဉ်းစားမှုလေးပါ။ ဘာလို့လဲဆိုတော့ ဒေသတွေက တိုင်းရင်းသားတွေ က မြို့ပေါ်တွေက ကျောင်းသားတွေနဲ့ အများကြီး ကွာတာပေါ့။ သူတို့လောက် အမှတ်တွေက ရချင်မှရမှာ၊ များသောအားဖြင့် မရဘူး။ အထူးသဖြင့် ဆေးတက္ကသိုလ်၊ ဘာသာစကား သိပ်မပေါက်တဲ့ ဒီလိုဒေသတွေကို မြို့ပေါ်ကကျောင်းသားတွေ ဆရာဝန်ကြီးတွေ လာတယ်ဆိုရင် စိတ်ဓာတ်ကတော့ ကျနော်တို့လည်း ချီးကျူးပါတယ်။ ဒါပေမယ့် သူတို့လုပ်နိုင် ကိုင်နိုင်တဲ့ ဘက်ကတော့ သူတို့က ဆေးရုံကနေလွဲလို့ ဘယ်မှမသွားဘူး၊ အဲဒီဒေသတွေဖြစ်တော့ အိမ်နဲ့ မိသားစုနဲ့ အဝေးကြီး ကွာနေတော့လည်း ကြာလာတော့ လုပ်ငန်းတွေဘာတွေ ထိခိုက်တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က၊ အတွေ့အကြုံတွေပဲလေ။”

မြန်မာနိုင်ငံမှာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဆေးတက္ကသိုလ်တွေကတော့ ရန်ကုန် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ဆေးတက္ကသိုလ် (၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်တွေ ဖြစ်ပြီး ၁ နှစ်ကို ဆရာဝန် ၂၀၀၀  ၀န်းကျင် မွေးထုတ်ပေးနေတာ ဖြစ် တယ်။

ဆယ်တန်းအောင်တဲ့ ကျောင်းသူကျောင်းသားတွေထဲက အောင်မှတ် အနည်းဆုံး ၅၀၀ ရမှ ဆေးတက္ကသိုလ် ၀င်ခွင့် ရရှိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013