Homeမြန်မာသတင်း
နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိပါက တင်ပြရန် စာရင်းစစ်ချုပ်များကို သမ္မတပြော
နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိပါက တင်ပြရန် စာရင်းစစ်ချုပ်များကို သမ္မတပြော
DVB
·
May 5, 2018
နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုတွေကို စစ်ဆေးတွေ့ရှိပါက ကျောသား ရင်သား မခွဲခြားဘဲ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံကို တင်ပြပေးဖို့ သမ္မတဦးဝင်းမြင့်က တိုင်းဒေသကြီးနဲ့ ပြည်နယ် စာရင်းစစ်ချုပ်တွေကို ပြောကြားလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် စာရင်းစစ်ချုပ်တွေကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ မေ ၄ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာလို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
“ပြည်သူ့ဘဏ္ဍာငွေတွေ လေလွင့်ဆုံးရှုံးမှုမရှိစေဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ နိုင်ငံတော် အရအသုံး စာရင်းများ စစ်ဆေးခြင်း၊ သတ်မှတ်ပေးထားတဲ့ ခွင့်ပြုဘဏ္ဍာငွေတွေ အပြည့်အဝ ရရှိစေဖို့ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ၊ ရငွေတွေကို ထိရောက်စွာ အသုံးပြုခြင်း ရှိ၊ မရှိ၊ ချမှတ်ပေးသော ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပေးဖို့ လိုအပ်ပါကြောင်း၊
“ပြည်ထောင်စုအဆင့် အဖွဲများအစည်းတွေ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ကျင့်သုံးခြင်း ရှိ၊ မရှိ စစ်ဆေးရန်လိုပါကြောင်း၊ စီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ စိစစ်ရန်လိုပါကြောင်း၊ နိုင်ငံပိုင်ပစ္စည်း၊ ပြည်သူပိုင် ပစ္စည်း၊ သမဝါယမပိုင် ပစ္စည်းများကို စနစ်တကျထိန်းသိမ်းမှု ရှိ၊ မရှိ၊ ထိရောက်စွာ အသုံးချမှု ရှိ၊ မရှိ စစ်ဆေးရန်လိုပါကြောင်း၊ ပိုင်ရှင်မဲ့ပစ္စည်း၊ ဥပဒေအရ သိမ်းဆည်းခံ ပစ္စည်း၊ ပိုင်ရှင်က စွန့်လွှတ်ပစ္စည်းများကိုလည်း သက်ဆိုင်ရာတို့က စာရင်းသွင်းထား ခြင်း ရှိ၊မရှိနှင့် စနစ်တကျ အသုံးပြုခြင်း ရှိ၊ မရှိ၊ ထိန်းသိမ်းထားခြင်း ရှိ၊ မရှိကို စစ်ဆေးပေးစေလိုပါကြောင်း” သမ္မတက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အစိုးရဌာနဆိုင်ရာတွေမှာလည်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်းထားမှု ရှိ၊ မရှိ၊ အဆိုပါအဖွဲတွေအနေနနဲ့ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးဖို့နဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုတွေကို စစ်ဆေးတွေ့ရှိပါက ကျောသား ရင်သား မခွဲခြားဘဲ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ တင်ပြဖို့ ပြောကြားခဲ့ပါတယ်။