DVB Logo
Home
မြန်မာသတင်း
လူထုစိန်ဝင်း ဈာပနကျင်းပ
DVB
·
June 19, 2012
လူထုစိန်ဝင်း ဈာပနကျင်းပ
Donate to DVB

မြန်မာသတင်းစာလောကမှာ ထင်ရှားတဲ့ သတင်းစာဆရာကြီး တဦးဖြစ်သူ လူထုစိန်ဝင်းရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပရာ နိုင်ငံရေး၊ သတင်းနဲ့ စာနယ်ဇင်းလောက ထင်ရှားသူတွေ အပါအ၀င် လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဈာပနအခမ်းအနား တက်ရောက်သူ လူထုမျိုးဆက်ဖြစ်တဲ့ စာရေးဆရာ ညီပုလေးက ဈာပန အခမ်းအနားမြင်ကွင်းကို ခုလိုပြောပြပါတယ်။

“စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ သံယောဇဉ်ရှိသူတွေ အများကြီးပို့တဲ့ စည်ကားတဲ့ဈာပနတခုပါ။ ဆရာဦးစိန်ဝင်းကို လေးစားတဲ့ ကြွလာတဲ့ ပရိသတ်က ၂ မိနစ် ငြိမ်ပြီးတော့ အရိုအသေပေး အလေးပြုကြတယ်။ မီဒီယာပေါင်းစုံက ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေ အများကြီးလာတယ်။ ခန့်မှန်းခြေ ထောင်ချီရှိမယ် ထင်တယ်။ စနစ်ကျပါတယ်။ ဗကသ ကျောင်းသားတွေ နဲ့ ၀န်းရံပြီးတော့ နာရေးကူညီမှုအသင်းက လူတွေက ၀န်းရံပြီးလက်ကာပြီး တန်းစီပြီး စည်းကမ်းတကျ သပ်သပ်ရပ်ရပ်ရှိတဲ့ ဈာပနတခုပါပဲ။”

ဈာပနမှာ လူထုစိန်ဝင်းရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် သတင်းစာဆရာကြီး ဦးဝင်းတင်က နှုတ်ဆက် စကား ပြောကြားပြီး လူငယ်ထုကိုယ်စား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ခုလိုပြောပါတယ်။

“ဆရာ့ရဲ့ သွန်သင်ချက်တွေထဲက အမှတ်မိဆုံးကတော့ အမှန်တရားအတွက် ကောင်းကျိုးအတွက်ဆိုရင် လူမုန်းခံပြီးတော့ ရဲရဲပြောပါဆိုတာပဲ။ အဲဒီတရားကို ဟောလည်းဟောတယ်။ ကိုယ်တိုင်လည်း ကျင့်သွားပါတယ်။ အခြားဟာတွေ မမှတ်မိပေမယ့် အမုန်းခံသင့်ရင် ခံရတယ်ကွ၊ အများအတွက်ဆိုရင် အမုန်းခံပြီး ပြောရဲရတယ်ဆိုတာ ဆရာမှာလည်းမှာတယ်၊ ကိုယ်တိုင်လည်း ကျင့်သွားပါတယ်။ အဲဒီတော့ ဆရာ့မှာ မုန်းတဲ့သူတွေ အထိုက်အလျောက် ရှိမယ်လို့ ကျနော် နားလည်ခဲ့တယ်။ ဒီနေ့ပွဲကတော့ ဆရာ့ကို ချစ်တဲ့သူတွေ ဘယ်လောက် များလဲဆိုတာကို တခဲနက်ကြီး အင်အားပြလိုက်တဲ့ပွဲလည်း ဖြစ်ပါတယ်။”

မန္တလေးမြို့မှာတော့ ဥတ္တရလွင်ပြင် စာပေတိုက်ရှေ့မှာ လူထုစိန်ဝင်းအတွက် ၀မ်းနည်းကြောင်း လက်မှတ်ရေးထိုးပွဲတခု ကျင်းပသွားခဲ့ပါတယ်။ အထက်မြန်မာနိုင်ငံ စာရေးဆရာများအသင်းက ၀မ်းနည်းကြောင်း ထုတ်ပြန်ကြေညာမှုတွေ လုပ်ခဲ့ပါတယ်။

မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်ကတော့ လူထုစိန်ဝင်းနဲ့ ပတ်သက်ပြီး ခုလို မှတ်ချက်ပေးပါ တယ်။

“ကျနော့်အနေနဲ့ ပြောရရင်တော့ ဆရာလူထု ဦးစိန်ဝင်းက တလျှောက်လုံး ပြည်သူလူထု တွေးသလိုတွေး တယ်။ ပြည်သူလူထု မြင်သလိုမြင်တယ်။ စာရေးသားရာမှာ ပြည်သူလူထုဘက်ကပဲ အမြဲတမ်း ရပ်တည်ပြီးရေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း သူကွယ်လွန်တဲ့အခါမှာ ပြည်သူလူထုက နှမြောကြတယ်။ ၀မ်းနည်းကြတယ်။ ဂျာနယ်လစ်တွေအားလုံးအတွက်လည်း ဆရာက စံနမူနာ ယူစရာပါပဲ။ ဂျာနယ်လစ်တွေထဲမှာ ပြည်သူလူထုဘက်ကနေ ရပ်တည်ပြီးတော့ မြင်တဲ့သူ၊ တွေးတဲ့သူ၊ ရေးတဲ့သူရှိနေ သလို ပြည်သူလူထုကို ဆန့်ကျင်သွားတဲ့သူတွေလည်း ရှိကြတာပဲ၊ ပြည်သူလူထု ဆန့်ကျင်သွားတဲ့ သူတွေကို ပြည်သူလူထုကလည်း ဆန့်ကျင်တာပဲ။ ဆရာက ကျနော်တို့အတွက် အင်မတန်ကောင်းတဲ့ နမူနာပါပဲခင်ဗျ။”

လူထုစိန်ဝင်း (အသက် ၇၂ နှစ်) ဟာ  ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ရန်ကုန်မြို့ ရွှေဂုံတိုင် SSC အထူးကု ဆေးရုံမှာ တက်ရောက်ကုသနေစဉ် တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲလောက်က ကွယ်လွန်သွားခဲ့တာပါ။

လူထုစိန်ဝင်းဟာ လူထုဦးလှ ဦးစီးထုတ်ဝေခဲ့တဲ့ လူထု သတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့  အာဏာသိမ်း တော်လှန်ရေးကောင်စီ စစ်အစိုးရ လက်ထက်မှာ  ဖမ်းဆီးခံရပြီး ကိုကိုးကျွန်းကို ပို့ဆောင် ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်။

ထောင်ကပြန်လွတ်လာချိန်မှာ လေဖြတ်ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်း သေသွားခဲ့ပေ မယ့် ဘယ်လက်နဲ့ စာရေး လေ့ကျင့်ကာ လူငယ်တွေ အမျိုးသမီးတွေအတွက် ဘဝအားမာန်ဖြစ်စေတဲ့ အကြောင်းတွေ၊ နိုင်ငံတကာရေးရာတွေကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာ မကွယ်လွန်ခင် လပိုင်းအချိန်အထိ အဆက်မပြတ် ရေးသားခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013