တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်စဉ် မြေပြို၍ လုပ်သား ၁ ဦး သေဆုံး
DVB
·
May 4, 2018
တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင် ဆောင်ရွက်နေစဉ် မြေပြိုပိမိတဲ့အတွက် လုပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ကမ်းနားပိုင်းရှိ တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်မှာ မေ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ဆေးတဲ့ နေရာမှာ ပိုင်ရိုက်၊ သဲဖို့အလုပ် လုပ်ကိုင်နေသူ ကိုကျော်နိုင်ဝင်းနဲ့ ကိုကျော်သူအောင်တို့ဟာ အမြင့် ၁၀ ပေလောက်ရှိ မြေတွေပြိုကျပြီး ပိမိနေခဲ့တာပါ။ ကိုကျော်နိုင်ဝင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရရှိ သေဆုံးသွားခဲ့ပါတယ်။
ကိုကျော်သူအောင်မှာလည်း ဝမ်းဗိုက်ရောင်ရမ်းဒဏ်ရာ ရရှိပြီး တွံတေးပြည်သူ့ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်း ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။