ကလေးမြို့နယ်တွင် သစ်တင်ကား ၃ စီး၊ သစ်တန် ၁၄ တန်ကျော် ဖမ်းမိ

မေလ ၂ ရက်နေ့က ကလေးမြို့နယ် အင်ဒိုင်းကြီးရွာ တပ်ထိန်းလမ်းခွဲမှာ တရားမဝင် သစ်တင်ကား ၃ စီးနဲ့ သစ်တန်ချိန် ၁၄ တန်ကျော် ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက သိရပါတယ်။ အမှတ် (၇) တပ်မတော် တပ်ထိန်းတပ်ခွဲက အရာရှိကိုယ်တိုင် ပါဝင်ပြီး သစ်တောဌာန တာဝန်ရှိသူတွေ အပါအဝင် ကလေးမြို့ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ချစ်စမ်းမောင် ကျေးရွာတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။ တရားမဝင် သစ်ဖမ်းဆီးမှုမှာ HINO ၆ ဘီးယာဉ် ၃ စီးနဲ့အတူ တရားမဝင်ပျဉ်းကတိုး သစ်ခွဲသား ၂၉ လုံး၊ တန်ချိန် ၁၄ ဒသမ ၇၄၃ တန်နဲ့ ယာဉ်မောင်း ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သစ်တောဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။ တရားမဝင် သစ်သယ်ဆောင်လာတဲ့ ယာဉ်သုံးစီးနဲ့အတူ နေထက်လင်း(ခ)ချင်းလေး၊ ဖိုးလုံး(ခ)ဇင်မင်းထွန်းနဲ့ မောင်ဝင်းတို့ကို ကလေးနယ် သစ်တောဌာန တောအုပ် အောင်ကျော်ထွေးက တရားလိုပြုပြီး ပြည်သူပိုင်ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်တိုင်ကြားထားပြီး ရဲအုပ်မျိုးမြင့်သန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up