Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စံပြဆေးရုံများကို ဆုချီးမြှင့်
Aung Ko Latt
·
May 3, 2018
၂၀၁၇ ခုနှစ်အတွင်း အကောင်းဆုံး အရည်အသွေးနဲ့ စံပြုထိုက်အောင် ကြိုးစား လုပ်ဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ကုသရေးဦးစီးဌာနလက်အောက်က မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတွေကို ရွေးချယ်ကာ မေလ ၃ ရက်က မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆုချီးမြှင့် ခဲ့ပါတယ်။ စံပြဆေးရုံတွေအခုလိုရွေးချယ်ရာမှာ မြို့နယ်ဆေးရုံအဆင့်ကို မြင်းမူပြည်သူ့ဆေးရုံက ရရှိခဲ့ပြီး တိုက်နယ်ဆေးရုံတွေထဲမှာတော့  ဆားတောင်တိုက်နယ်ဆေးရုံတို့က ဆုတွေ အသီးသီးရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ကုတင် ၅၀၀ ဆံ့ဆေးရုံ ၁ ရုံ၊ ကုတင် ၃၀၀ ဆံ့ဆေးရုံ ၁ ရုံ၊ ကုတင် ၂၀၀ ဆံ့ဆေးရုံ ၂ရုံ၊ ကုတင် ၁၀၀ ဆံ့ဆေးရုံ ၆ ရုံ၊ ကုတင် ၅၀ ဆံ့ဆေးရုံ ၁၁ ရုံနဲ့ အခြား၂၅/၁၆ ကုတင်တွေအပါအဝင် ဆေးရုံပေါင်း ၁၃၉ ရုံရှိတဲ့အထဲက ရွေးချယ်ခဲ့တာပါ။ လူနာကုသတဲ့ အခြေအနေ၊ ဆေးရုံဝန်းကျင်သန့်ရှင်းရေး၊ ဆေးရုံဝန်ထမ်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု စတဲ့အခြေအနေတွေကို သုံးသပ်ကာ ရွေးချယ်ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီးက"စံပြုနိုင်တဲ့ အရည်အသွေးရှိတဲ့ ပြည်သူ့ဆေးရုံများ ပေါ်ပေါက်လာစေရန်၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအပေါ် ဒေသအစိုးရအဖွဲ့ရဲ့ အလေးထားမှုပိုမိုရရှိလာစေရန်၊ ပြည်သူလူထုယုံကြည်ကိုးစားတဲ့ ပြည်သူ့ဆေးရုံများပိုမို ပေါ်ပေါက်လာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တာဖြစ်တယ်"လို့ပြောဆိုခဲ့ပါတယ်။ ဆေးရုံတွေရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ဆေးကုသမှုနဲ့ ရောဂါရှာဖွေရေး လုပ်ငန်းတွေ၊ ဆေးရုံလုပ်ငန်းဆိုင်ရာ အညွှန်းကိန်းတွေနဲ့ လာရောက်ပြသတဲ့ လူနာတွေရဲ့ ကျေနပ်ပြည့်စုံခြင်းဆိုင်ရာလုပ်ငန်းတွေ စတာတွေအပေါ်အခြေခံပြီး အမှတ်ပေးအကဲဖြတ်ကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေ၊ ကျန်းမာရေးဦးစီးမှူးတွေ၊ ဆေးရုံအုပ်ကြီးတွေနဲ့ တိုင်းဒေသကြီး စံပြဆေးရုံများ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလို စံပြဆေးရုံတွေရွေးချယ်တာကို နောက်နှစ်တွေမှာလည်း ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး စံပြဆုရဆေးရုံတွေအနေနဲ့လည်း အခုလိုအရည်အသွေးတွေကို ဆက်လက်ထိန်းသိမ်းကြဖို့ ဝန်ကြီးက မှာကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024