အန်ဒီအက်ဖ်ပါတီ ဗဟိုကော်မတီသစ်များ အစားထိုးရွေးချယ်
DVB
·
June 18, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ဟာ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် တစိတ်တပိုင်း ပြင်ဆင်တဲ့အနေနဲ့ လစ်လပ်လျက်ရှိတဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်နေရာမှာ ပြန်လည်အစားထိုးရွေးချယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေကကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ နုတ်ထွက်သွားတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၇ ဦး နေရာကိုလည်း အမှုဆောင်သစ်တွေနဲ့ ရွေးချယ်အစားထိုးခဲ့တယ်လို့ အန်ဒီအက်ဖ်ပါတီ အတွင်းရေးမှူး ဒေါက်တာ ဝင်းနိုင်က ပြောပါတယ်။
“၂၀၁၅ အတွက် ပြင်ဆင်တဲ့သဘောလည်း ပါပါတယ်။ အဓိကတော့ ဘာပဲပြောပြော ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တနေရာမှ အနိုင်မရခဲ့ဘူး။ ပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေကို စနိုင်အောင်လို့ လူအင်အားတွေ ပြန်ဖြည့်တဲ့သဘောပါပဲ။”
ယခင်က ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီနဲ့ မူဝါဒရေးရာ ကော်မတီတို့ရှိခဲ့ပြီး မူဝါဒရေးရာ ကော်မတီဥက္ကဋ္ဌနဲ့ ပါတီဥက္ကဋ္ဌမှာ ဦးခင်မောင်ဆွေ ဖြစ်ကာ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌမှာ ဦးသန်းငြိမ်းတို့ဖြစ်ပါတယ်။
ဒါပေမယ့် ဒေါက်တာသန်းငြိမ်းက ကျန်းမာရေး အခြေအနေကြောင့် ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် အခက်အခဲ ဖြစ်နေတဲ့အတွက် ဦးခင်မောင်ဆွေကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့ပြီးတော့ ပါတီခေါင်းဆောင် အဖြစ် ဦးသန်းငြိမ်းကို တာဝန်ပေးရွေးချယ်လိုက်တာလို့လည်း သူက ပြောပါတယ်။
ဒါအပြင် လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ကလည်း အန်ဒီအက်ဖ် ပါတီဝင် အဖြစ် ဝင်ရောက်ခဲ့တဲ့အတွက် သူ့ကို ပဲခူးတိုင်းစည်းအဖွဲ့ဝင်အဖြစ် ရွေးချယ်ဖို့ လျာထားတယ်လို့လည်း ဆိုပါတယ်။
