Home
မြန်မာသတင်း
ထိုင်းတွင် ကရင်အမျိုးသားမှတ်ပုံတင် လိမ်လည်ထုတ်ပေးမှုနှင့် လူ ၆ ဦးကို ဖမ်းဆီး
DVB
·
May 2, 2018
ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ခ်ျပူရီခရိုင်ထဲမှာ ကရင်အမျိုးသားမှတ်ပုံတင် ထုတ်ပေးမယ် ဆိုပြီး လိမ်လည်တဲ့ လူ ၆ ဦးကို တာဝန်ရှိသူတွေက မေလ ၁ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရာ့ခ်ျပူရီခရိုင်၊ ဆွန်ဖိန့်မြို့နယ် တနောင်းဆရီရပ်ကွက် ဘောလုံးကွင်းမှာ ထောင်နဲ့ချီတဲ့ ကရင်လူမျိုးတွေ အများအပြား စုရုံးရောက်ရှိလာကြပြီး ကရင်အမျိုးသားမှတ်ပုံတင် လာရောက်လျှောက်ထားကြတာလို့ ဆိုပါတယ်။ အဆိုပါ မှတ်ပုံတင်မှာ ထိုင်းမှတ်ပုံတင်နဲ့ အားလုံးတူညီတဲ့အပြင်  မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံကိုလည်း ဝင်ထွက်သွားလာနိုင်မှာ ဖြစ်တယ်လို့  လူ ၆ ဦးက လာရောက် ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ မှတ်ပုံတင်ခအနေနဲ့ လူတဦးကို ဘတ် ၅၀ စီ ကနဦးကောက်ခံထားပြီး ကရင်အမျိုးသားမှတ်ပုံတင်ကတ်ပြား ရရှိလာပါက တဦးကို ဘတ် ၅၀၀၀ (ငါးထောင်စီ) ပေးရမယ်လို့ ဆိုပါတယ်။ ဒါဟာ ပြည်သူလူထုအပေါ် လိမ်လည်နည်းတမျိုးဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက အဆိုပါ လူ ၆ ဦးကို ရာ့ခ်ျပူရီမြို့ စားသောက်ဆိုင်တဆိုင်မှာ သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆွန်ဖိန့်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းထရတ်  လိုင်ဆအတ်က သတင်းထောက်တွေကို ပြောပါတယ်။ သူတို့ ၆ ဦးကို စစ်ဆေးချက်အရ လောလောဆယ် မှတ်ပုံတင်လုပ်ဖို့ စာရင်းလာပေးထားသူ ဦးရေ ၂၀၀၀ ကျော်ရှိကြောင်း၊ သူတို့အနေနဲ့  ဆရာတော်ကြီးတပါးရဲ့ စေခိုင်းမှုအရ ဆောင်ရွက်ပေးနေတာလို့ ပြောပြီး ကျန်တဲ့အချက်အလက်တွေတော့ ရေရေရာရာ မဖြေနိုင်ဘဲ ဝေ့လည်ကြောင်ပတ် ဖြေဆိုနေတယ်လို့ မြို့နယ်မှူးက ဆက်ပြောပါတယ်။ ဆွန်ဖိန့်ရဲတပ်ဖွဲ့က ဆရာတော်ဆိုသူကို ဖုန်းဆက်ရာမှာလည်း အဆိုပါ မှတ်ပုံတင်မှာ မြန်မာပြည်နဲ့တကွ အခြား ၁၆၉ နိုင်ငံကို ဝင်ထွက်သွားလာဖို့ဖြစ်ပြီး ဘတ်ငွေ ၂၀၀၀ကတော့ ကရင်လူမျိုးတွေ အခက်အခဲရှိရင် ပြန်ကူညီဖို့ ရန်ပုံငွေကောက်တာလို့ ဖြေကြားပါတယ်။ တာဝန်ရှိသူတွေက ကွင်းဆက်အားလုံး ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး လိုအပ်သလို အရေးယူသွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့ နောက်နောင် အလိမ်မခံရအောင် သတိထားဖို့၊ လူတဦးကို ဘတ် ၅၀၀၀ နှုန်းနဲ့ ဘတ် ၁ သန်းရမယ့် ငွေတွေကတော့ ဘယ်သူမှ မပေးချေကြသေးလို့ ငွေလိမ်မှုနဲ့ အရေးမယူရသေးကြောင်း၊  လောလောဆယ် ဖမ်းဆီးထားတဲ့ သူတွေထဲမှာ တချို့က နိုင်ငံကူးလက်မှတ် မရှိတဲ့အတွက် လိုအပ်သလို အရေးယူဖို့ လ.ဝ.က ရဲတပ်ဖွဲ့ထံ အကြောင်းကြားထားတယ်လို့ မြို့နယ်မှူးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024