Home
ဆောင်းပါး
ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာ အသုံးအနှုန်း
DVB
·
May 2, 2018
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ (၁/၅/၁၈) မနက် ၉ နာရီခွဲက ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိလာပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မောင်တောဒေသကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ ကိုဝဏ္ဏခွာညိုရဲ့သတင်းကို ဒီဗွီဘီမှာ ဖတ်လိုက်ရတော့ သြော် . . သူတို့ကိုယ်တိုင် လာကြည့်ကြပြီကိုးလို့ စိတ်ထဲမှာ ဖြစ်ပေါ်မိပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ မြန်မာပြည်ရဲ့ပုံရိပ်ကို အတော်ထိခိုက်ခဲ့တယ်လို့ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေက မကြာခဏ မှတ်ချက်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ သွေးနုသားနုအချိန်မှာ ခုလိုအဖြစ်မျိုး ဖြစ်ခဲ့တာကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုတွေ တုံ့ဆိုင်းသွားခဲ့ရပါတယ်။ ဒီအရေးကို အကြောင်းပြုပြီး ကိုယ်ကျိုးစီးပွားရှာသူတွေက လက်ခမောင်းခတ်ကြပေမယ့် ပြည်သူတွေကတော့ မြေစာပင် ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ၊ ကြေကွဲမှုတွေ၊ တပွေ့တပိုက်နဲ့ အိုးအိမ်စွန့်ခွာသူများအဖြစ်ကို ရောက်ခဲ့ရပါတယ်။ ပညာသင်ယူခွင့် နည်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေးမကောင်းမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှု စတာတွေကြောင့် လူမှုအဆောက်အဦ ဖွံ့ဖြိုးနိမ့်ကျကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ဦးတည်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ သတင်းသမားတွေလည်း ပဋိပက္ခ ပိုမိုမကြီးထွားစေရေးအတွက် သတင်းအသုံးအနှုန်းတွေကို သတိထား သုံးနှုန်းကြရပါတယ်။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး အဆိုးမြင်စေတဲ့ အသုံးအနှုန်းတွေကို မသုံးမိဖို့ အလွန်သတိထားကြရပါတယ်။ ဥပမာ- ဗုဒ္ဓဘာသာ အကြမ်းဖက်သမားများ၊ မွတ်စလင် အကြမ်းဖက်သမားများ၊ ဘင်္ဂါလီ အကြမ်းဖက်သမားများ၊ ဗုဒ္ဓဘာသာ အစွန်းရောက်များ၊ မွတ်စလင် အစွန်းရောက်များ၊ ဘင်္ဂါလီ အစွန်းရောက်များ စတဲ့ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ အသုံးအနှုန်းတွေကို ရှောင်ရှားကြရပါတယ်။ အောက်ပါသတင်းခေါင်းစဉ်တွေဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကျနော်တို့ သင်ခန်းစာကောင်းကောင်း ရခဲ့ပြီး ဖြစ်ပါတယ်။ သံတွဲမြို့မှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ (မြန်မာ့အလင်း၊ ကြေးမုံ) မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများက ရိုဟင်ဂျာ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး သတ်ဖြတ်ခဲ့ကြသည်။ (ရိုက်တာ) ဒါပေမယ့် (၃၀/၄/၁၈) က ထုတ်တဲ့ ပြန်ကြားရေးကြေညာချက်မှာတော့ အသုံးအနှုန်းတွေဟာ ဘက်မျှတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည် သတင်းရေးသားလိုတဲ့ သတင်းသမားတွေ စံပြုရမယ့် အရေးအသားတွေကို တွေ့ရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာဘက်မှ စိစစ်ပြီးသူများအား ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအား ဆောလျင်စွာ ပြန်လည်လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ သဘောတူထားသည့် ပုံစံမှန်များကို ဖြည့်စွက်၍ ဆောလျင်စွာ ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ထိခိုက်ခံ အသိုက်အဝန်းများ အားလုံးကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လျက်ရှိမှု၊ အသိုက်အဝန်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး လိုအပ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းလျက်ရှိမှု၊ National Verification Card (NVC) များ ထုတ်ပေးသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်သူများ ပြဿနာ၊ အကြမ်းဖက်မှု အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်ခြေရှိမှု၊ ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းဇာစ်မြစ်ကို ရှာဖွေဖြေရှင်းရန် လိုအပ်မှု၊ အမုန်းတရား ပြန့်ပွားစေသည့် ပြောကြားမှုများ ကာကွယ်တားဆီးရေးကိစ္စ၊ အတန်းပညာရေး သင်ကြားမှု တိုက်တွန်းပေးရေးကိစ္စတို့နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ဒီသတင်းရေးသားမှုမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခလို့ မသုံးဘဲ ရခိုင်ပြည်နယ်အရေးလို့ သုံးထားတာ၊ ဒုက္ခသည်များဟု မသုံးဘဲ နေရပ်စွန့်ခွာသူများလို့ သုံးထားတာ လူမျိုး၊ ဘာသာ နာမည်ကိုမသုံးဘဲ ထိခိုက်ခံ အသိုက်အဝန်းလို့ သုံးထားတာတွေဟာ ဘက်လိုက်မှုကင်းတဲ့ အသုံးအနှုန်းတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သတင်းရေးရာမှာ စကားလုံးတွေ ရွေးချယ်ဖို့၊ လိုတဲ့အခါသုံးဖို့ ကနေဒါ သတင်းစာဆရာ Lynch နဲ့ နော်ဝေ ငြိမ်းချမ်းရေးသတင်းစာပညာရှင် McGoldrick (၂၀၀၅) တို့ရဲ့ အကြံပြုချက်တွေကလည်း စိတ်ဝင်စားစရာပါ။ သူတို့ရဲ့ အကြံပြုချက်တွေကတော့-
  • ရက်စက်သော၊ လူမဆန်သော၊ ရက်စက်ကြမ်းကြုတ်သော၊ ရိုင်းစိုင်းသောတို့လို နာမဝိသေသနတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီစကားလုံးတွေဟာ သတင်းသမားကို အုပ်စုတခုခုဘက်ကနေ ဘက်လိုက်တယ်လို့ အမြင်ခံရတဲ့ အနေအထားမျိုးကို ရောက်စေပါတယ်။ အဲဒီလိုသုံးမယ့်အစား သင့်လက်ထဲမှာရှိတဲ့ အချက်အလက်တွေကို ပေးပြီး ပရိသတ်အနေနဲ့ သူတို့ဘာသာသူတို့ ကောက်ချက်ချပါစေ။
  • အကြမ်းဖက်သမား၊ အစွန်းရောက်သူ၊ တယူသန်လိုမျိုး တံဆိပ်တွေကို ရှောင်ရှားပါ။ ဒီလို ဝေါဟာရတွေ သုံးခြင်းက သတင်းသမားကို အုပ်စုတဖက်မှာ ပါစေပြီး ဘက်လိုက်မှုကို ပြပါတယ်။ အဲဒီဝေါဟာရတွေအားလုံးက ရည်ညွှန်းခံရသူတွေဟာ ဆင်ခြင်တုံတရားရှိသူတွေ မဟုတ်ကြောင်းနဲ့ သူတို့ရဲ့ အမြင်တွေဟာလည်း အစွန်အဖျား လူနည်းစုရဲ့ အမြင်တွေပဲ ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။ အဲဒီလို အမြဲတမ်းဖြစ်နေတာ မကောင်းပါဘူး။
  • ယူကျုံးမရသော၊ အကာအကွယ်မဲ့သော၊ သနားစရာတို့လို ထိခိုက်နစ်နာစေတဲ့ ဝေါဟာရတွေကို ရှောင်ပါ။ ဒီလို အသုံးအနှုန်းတွေက လူတွေက အင်အားမဲ့စေနိုင်ပါတယ်။ လူတွေဟာ ဘာလုပ်ခံရတယ် ဆိုတာကိုသာ အာရုံမစိုက်ပါနဲ့။ လူတွေ ဘယ်လိုရင်ဆိုင်နေတယ် ဆိုတာကိုလည်း ပြပါ။
  • ပြောဆိုချက်တွေကို ဘယ်သူတွေကပြောတယ် ဆိုတာကို ဖော်ပြပုံကလည်း သတင်းသမားတွေရဲ့ ဘက်လိုက်မှုနဲ့ အခြားအုပ်စုတွေအပေါ် ခွဲခြားဆက်ဆံမှုကို ပေါ်လွင်စေတဲ့ နောက်တနည်း ဖြစ်ပါတယ်။ အောက်ပါ ဥပမာတခုစီက ကိုးကားစကားနဲ့ ပတ်သက်ပြီး ဘယ်သူကပြောတယ် ဆိုတာကို ခင်ဗျားတို့ ဖော်ပြကြမယ့် နမူနာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက သူ ဒါမှမဟုတ် သူမ ပြောတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဖော်ပြနေပါတယ်။
O ဦးကကြီးက ဝန်ခံခဲ့ပါတယ်။ O ဦးခကွေးက ဖြောင့်ချက်ပေးခဲ့ပါတယ်။ O ဦးဂငယ်က စွပ်စွဲခဲ့ပါတယ်။ O ဒေါ်ဘီက စွပ်စွဲခဲ့ပါတယ်။ O ဦးကေက ထုတ်ဖော်ပြောကြားပါတယ်။ ဖြစ်ရပ်အားလုံးမှာ (ပြောတယ်) (said) ဆိုတဲ့ စကားလုံးဟာ စကားပြောတဲ့ လုပ်ရပ်ကို ကြားနေပြီး မျှတတဲ့ ဖော်ပြမှုလို့ ရှုမြင်ခြင်း ခံရနိုင်ပါတယ်။ သူတို့ ဘယ်လိုပြောတယ်ဆိုတာကို အလွန်အမင်း သရုပ်ဖော်တဲ့ စကားလုံးတွေ သုံးတာထက် ပြောသူရဲ့ စကားလုံးတွေက သရုပ်ဖော်စေတာက ပိုကောင်းပါတယ်။ အသေးစိတ်အမြင်တွေ ပေးဖို့ လိုအပ်ရင် အဲဒီပုဂ္ဂိုလ် စကားပြောနေစဉ် သူ့ရဲ့ပြုမူပုံကို သရုပ်ဖော်တာက ပိုကောင်းပါလိမ့်မယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် အမုန်းစကားတွေ၊ နှိမ်ချတဲ့ အသုံးအနှုန်းတွေ၊ ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းတွေ ရှောင်ရှားပါ။ ကြားနေ မျှတတဲ့ အသုံးအနှုန်းကို သုံးပါလို့ အကြံပြုထားတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေး သတင်းပညာမှာ ပဋိပက္ခသတင်း ရေးတဲ့အခါ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သတင်းရေးတဲ့အခါ အသုံးအနှုန်းတွေကို သတိထား ရွေးချယ်ရုံနဲ့ မလုံလောက်သေးပါဘူး။ ငြိမ်းချမ်းရေးဖော်ဆောင်နေသူတွေရဲ့ ရုပ်ပုံလွှာတွေကို ရေးသားခြင်း၊ မတူညီတဲ့ အဖွဲ့အစည်းတွေကို ပူးတွဲ အင်တာဗျူး (တွေ့ဆုံမေးမြန်းခြင်း) တွေ လုပ်ခြင်း၊ မတူညီတဲ့ အုပ်စုတွေကြား တူညီတဲ့ မေးခွန်းတွေ မေးမြန်ခြင်း၊ မတူညီတဲ့ အဖွဲ့အစည်းတွေကြား အပြန်အလှန် နားလည်အောင် ရှင်းပြဆောင်ရွက်ပေးခြင်း၊ မငြိမ်းချမ်းမှုရဲ့ဒဏ်ကို ခံရသူများကို တွေ့ဆုံမေးမြန်းခြင်း၊ တနည်းအားဖြင့် မငြိမ်းချမ်းမှုနဲ့ သက်ဆိုင်သူအားလုံးကို တွေ့ဆုံမေးမြန်းတာဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သတင်းများ ရေးသားတင်ဆက်ဖို့ များစွာ အထောက်အကူပြုပါတယ်။ ပြည်တွင်း ပြည်ပ သတင်းသမားတွေ အားလုံးဟာ ငြိမ်းချမ်းရေးသတင်းပညာကို အခြေခံရေးသားကြမယ်ဆိုရင် လူနာ မျက်ဖြူဆိုက်မှ စိတ်ကြိုက်တွေ့မယ့် ကိုယ်ကျိုးရှာသမားတွေရဲ့ ထောင်ချောက်က ရှောင်ရှားနိုင်မှာပါ။ ဒါ့အပြင် အခုလို မြန်မာပြည်ပုံရိပ်လည်း ကျစရာ အကြောင်းမရှိ၊ ကုလသမဂ္ဂနဲ့ သံတမန်တွေလည်း အပင်ပန်းခံစရာ မလိုတော့ပါ။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024