Live
Home
မြန်မာသတင်း
အနောက်နိုင်ငံများနှင့် ဆက်ဆံရေး လျော့ကျလာဟု ပြည်ထောင်စုဝန်ကြီးပြော
DVB
·
May 1, 2018
အန်အယ်လ်ဒီ အစိုးရသက်တမ်း ဒုတိယနှစ်အတွင်းမှာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုပြီးခိုင်မာအောင် တိုးမြှင့်နိုင်ခဲ့ပေမယ့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ နွေးထွေးမှုတွေ လျော့ကျလာခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူအများအပြား တိမ်းရှောင်မှုတွေကြောင့် အထင်အမြင်လွဲမှားမှုတွေနဲ့ ရင်ဆိုင်ခဲ့တယ်လို့ အစိုးရသက်တမ်း ဒုတိယ တနှစ်တာ ဆောင်ရွက်ချက်တွေကို နိုင်ငံပိုင်သတင်းစာနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ “နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဝေဖန်သုံးသပ်ပြရမယ်ဆိုရင် အစိုးရ သက်တမ်း ပထမတနှစ်ခွဲ ကာလမှာ သိသာထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဒုတိယနှစ်ဝက်ပိုင်းမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက စိန်ခေါ်မှုတွေ၊ ဖိအားတွေကို နိုင်ငံတကာ မျက်နှာစာတွေမှာ တုံ့ပြန်ဖြေရှင်းတာတွေအပြင် မြေပြင်မှာ လက်တွေ့တိုးတက်မှုပြနိုင်ဖို့ ကြိုးပမ်းပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ပိုတိုးတက် ကောင်းမွန်အောင် အထူးအာရုံစိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ကြတဲ့ နိုင်ငံတွေထဲကမှ စိန်ခေါ်မှုတွေနဲ့ ရှုပ်ထွေးနက်နဲမှုတွေကို နားလည်မှုပေးနိုင်တဲ့ နိုင်ငံတွေနဲ့တော့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။ “မြန်မာနိုင်ငံက ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း တာဝန်သိနိုင်ငံ တနိုင်ငံအနေနဲ့ ရပ်တည်ဖို့ လိုအပ်တဲ့အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့ လျော်ညီအောင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားအမြင်တွေကို အလေးထား ဆောင်ရွက်ဖို့ရှိပါတယ်။ တဖက်မှာလည်း ပြည်တွင်းအခြေအနေ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ ရှိနေတဲ့အတွက် ဟန်ချက်ညီညီနဲ့ ဖြေရှင်းနိုင်ဖို့ဆိုတာ ကျနော်တို့ဌာနရဲ့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်” လို့ ဦးကျော်တင်က ပြောပါတယ်။ ဒုတိယ တနှစ်တာအတွင်းမှာ ဦးစားပေးအနေနဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း တွေကနေ နည်းပညာနဲ့ ဘဏ္ဍာငွေတွေ ကူညီပံ့ပိုးမှုတွေ ရရှိစေဖို့၊ နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံနဲ့ လူမျိုးတို့ရဲ့ ပုံရိပ်တွေ ပြန်လည်မြင့်တက်လာစေဖို့၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေမှာ တိုးမြှင့် ပါဝင်ဖို့၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံသားဟောင်းတွေရဲ့ အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ဖို့ စတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ ပထမနှစ်မှာ ဖွံ့ဖြိုးရေး မိတ်ဖက်သစ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ အနောက် ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည်မြှင့်တင် တည်ဆောက်နိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့ကန့်သတ်မှုတွေ အားလုံး ကို ဖယ်ရှားနိုင်ခဲ့တာ၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဥရောပသမဂ္ဂက ၁၉၉၁ ခုနှစ်က စတင်ပြီး နှစ်စဉ် တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်း တင်သွင်းတာကို ၂ဝ၁၆ ခုနှစ်မှာ အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တာဟာ ပထမနှစ် အတွင်း ထူးခြားတဲ့ အောင်မြင်တိုးတက်မှုလို့ ဆိုနိုင်ကြောင်းလည်း သူက ပြောပါတယ်။ အစိုးရသက်တမ်း ၂ နှစ်တာကာလ အတွင်းမှာ နိုင်ငံတော်သမ္မတအနေနဲ့ လာအို၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ရုရှား၊ မွန်ဂိုလီးယားနဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပါအဝင် ထိုင်း၊ လာအို၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဘရူးနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ အီတလီ၊ ဗာတီကန်မြို့ပြနိုင်ငံ၊ ဗြိတိန်၊ ဥရောပသမဂ္ဂဌာနချုပ်တည်ရှိရာ ဘယ်လ်ဂျီယံ၊ အိန္ဒိယ၊ သြစတြေးလျနိုင်ငံတွေကို တရားဝင်ခရီးစဉ်နဲ့ အစည်းအဝေး တက်ရောက် ဖို့ သွားရောက်ခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံအနက် မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ် ထူထောင်ပြီးတဲ့နိုင်ငံ ၁၂၁ နိုင်ငံအထိ ရှိလာပြီလို့ သိရပါတယ်။ ဓာတ်ပုံ-MOI

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024