Home
ဆောင်းပါး
နိုးထလာတဲ့ ဘီလူးကြီးတကောင် သို့မဟုတ် အမှိုက်ပုံအောက်က မီးငုံငရဲ
DVB
·
May 1, 2018
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်နားက ဧက ၃၀၀ လောက်ရှိတဲ့ စွန့်ပစ်အမှိုက်ပုံကြီးမှာ ဧပြီ ၂၁ ရက်နေ့ကတည်းက မီးလောင်မှု ဖြစ်ပွားနေတာကို သိရှိခဲ့ကြပြီး ကြိုးစားငြှိမ်းသတ်နေတာ အခုဆို ရက်သတ္တ တပတ်ကျော်ခဲ့ပါပြီ။ မီးခိုးမှုန်တွေ၊ ပြာမှုန်တွေ မှုတ်ထုတ်ပြီး မီးညွန့်မီးတောက်မရှိဘဲ တငွေ့ငွေ လှိုက်လောင်ကျွမ်းနေတဲ့ ဧက ၁၀၀ ကျော်အောင် လောင်ကျွမ်းနေတဲ့ မီးဟာ သမားရိုးကျ မီးလောင်ကျွမ်းမှု အမျိုးအစား မဟုတ်ပါဘူး။ အင်္ဂလိပ်ဘာသာစကားနဲ့ ဆိုရင် Subterranean Smoldering Fire လို့ ခေါ်ဆိုပြီး မြန်မာလိုဆိုရင်တော့ လှိုက်လောင်မြေအောက်မီးအငုံမျိုးပါပဲ။ မီးလောင်ကျွမ်းမှုအမျိုးမျိုး ရှိတဲ့အထဲက ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး လောင်ကျွမ်းနိုင်တဲ့ မီးဟာ အဲဒီမြေအောက်မီးမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အကြီးတန်းသိပ္ပံစာရေးဆရာ မက်ဂီ ခေါ့သ်-ဘေခါ ရေးတဲ့ “How Do You Put Out A Subterranean Fire Beneath A Mountain Of Trash?” ဆောင်းပါးထဲက အချက်အလက်အချို့ကို စာဖတ်သူတွေကို မျှဝေလိုက်ပါတယ်။ သြစတြေးလျနိုင်ငံမှာရှိတဲ့ လောင်မြိုက်နေတဲ့တောင် (Burning Mountain) ဟာ သဘာဝအလျောက် မြေအောက်မှာရှိတဲ့ ကျောက်မီးသွေးကျောမှာ လောင်မြိုက်နေတာ နှစ်ပေါင်း ၆၀၀၀ ကျော်ရှိခဲ့ပါပြီ။ အခု ထိန်ပင် စွန့်ပစ်အမှိုက်ပုံမီးကတော့ လူတွေရဲ့ ပယောဂနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ မြေအောက်မီးအငုံ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးပြီး အမှိုက်ကို စနစ်တကျ စွန့်ပစ်လေ့မရှိတဲ့ နိုင်ငံတွေ ထားဦး၊ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံဖြစ်တဲ့ အမေရိကန်လို တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် စနစ်တကျ တည်ဆောက်ထားတဲ့ ကျင်းကြီးတွေနဲ့ စွန့်ပစ်အမှိုက်ပုံတွေမှာတောင် တနှစ်ကို အမှိုက်ပုံမီး (Landfill Fire) ၈၃၀၀ ကျော်ဟာ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး နွေရာသီမှာ အဖြစ်များပါတယ်။ အဲဒီမီးလောင်မှုထဲမှာ မြေအောက်မီးလောင်မှုက ၅ ရာခိုင်နှုန်းလောက်သာ ပါပြီးတော့ အများစုက ဘာဘီကျူ အသားကင်ဖုတ် စားသောက်ကြရာက ကျန်ရစ်တဲ့ မီးကြွင်းမီးကျန်တွေကို အမှိုက်ပုံမှာ ကောင်းကောင်းမငြှိမ်းသတ်ဘဲ လာပစ်ကြတာကြောင့်လို့ ဆိုပါတယ်။ တိုက်ရိုက်နေရောင်အောက်က စွန့်ပစ်အညစ်အကြေးပေါင်းစုံ စုပုံညှပ်သိပ်နေတဲ့ အမှိုက်ပုံကြီးအောက်မှာ အမှိုက်အညစ်အဟောင်းတွေရဲ့ ဇီဝဓာတ် ဆွေးမြည့်ပြိုကွဲမှု ဖြစ်စဉ် (The process of biological decomposition) ကနေ ထုတ်လွှတ်လိုက်တဲ့ အပူရှိန်ဟာ ၁၄၀ ဒီဂရီ ဖာရင်ဟိုက်ထိတောင် ရှိနိုင်ပါတယ်။ အဲဒီလို အပူချိန်ရှိတဲ့ အမှိုက်ပုံကြီးတွေရဲ့ မျက်နှာပြင်ထက်မှာ မီးညွန့် မီးတောက်တွေနဲ့ မီးလောင်မှု ဖြစ်စေနိုင်တဲ့ အခြေအနေ အရင်းခံ အကြောင်း ၃ မျိုး ရှိနိုင်ပါတယ်။ ၁) ပူလောင်နေဆဲ စွန့်ပစ်ပစ္စည်းများ (Hot Waste) ၂) မိုးကြိုးပစ်ခြင်း (Lightning) ၃) ရှို့မီး (Arson) တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမှိုက်ပုံကြီးရဲ့ အတွင်းပိုင်း မြေမျက်နှာပြင်အောက်မှာလည်း အထက်မှာ ရေးခဲ့ပြခဲ့တဲ့ ဇီဝဓာတ် ဆွေးမြည့်ပြိုကွဲမှုဖြစ်စဉ် (The process of biological decomposition) ကနေ ထုတ်လွှတ်လိုက်တဲ့ မြင့်မားတဲ့အပူ (Heat) နဲ့ လောင်ကျွမ်းနိုင်တဲ့ စွန့်ပစ်ပစ္စည်း (Combustible Material) အချိုးကျ ပေါင်းစပ်မိတဲ့အခါ Subterranean Smoldering Fire လို့ ခေါ်တဲ့ လှိုက်လောင်ကျွမ်းတဲ့ မြေအောက်မီးအငုံတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို မြေအောက်မီးငုံတွေဟာ မီးညွန့်ထလောက်အောင် လုံလောက်တဲ့ အောက်ဆီဂျင် မရတာမို့ မီးခိုးတွေ၊ ဓာတ်ငွေ့တွေကိုသာ မြေပြင်အထက် မှုတ်ထုတ်တတ်တာမို့ အနီးနားမှာရှိတဲ့ လူနဲ့ သဘာဝပတ်ဝန်းကျင်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိစေတော့တာပါပဲ။ ပြီးတော့ ဒီလို မြေအောက်မီးငုံတွေဟာ ငြှိမ်းသတ်ဖို့ အခက်အခဲဆုံး မီးအမျိုးအစား ဖြစ်ပြီး ဒီကနေ့အထိ တိကျတဲ့ ငြှိမ်းသတ်နည်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှိုက်ပုံအောက် အနက်ကြီးထဲမှာ ဘယ်လို စွန့်ပစ်အမှိုက်တွေ လှိုက်လောင်နေသလဲ၊ ဘယ်လောက်ထိ လောင်နေသလဲဆိုတာ မသိရသေးတဲ့အပြင် ကျနော်တို့ လူသားတွေဟာ Smoldering Fire အကြောင်းကို အပြည့်အစုံ နားမလည်ကြသေးပါဘူး။ တငွေ့ငွေ့လှိုက်လောင်နေတဲ့ မီးငုံကို ရေနဲ့ ငြှိမ်းသတ်မယ်ဆိုရင် မီးငုံထုထည် ၁ မီတာကျုကို ငြှိမ်းသတ်ဖို့ အမှိုက် ၁ ကီလိုဂရမ်တိုင်းအတွက် ရေ ၃ လီတာလောက် လိုတယ်လို့ ဆိုပါတယ်။ အဲဒီ ရေလိုအပ်ချက်က လှိုက်လောင်နေတဲ့ နေရာအတိအကျသိဖို့ လိုပါတယ်။ မြေအောက်က လောင်နေတဲ့နေရာ အတိအကျ မသိရင်တော့ ရေလိုအပ်ချက် ပမာဏဟာ အမှိုက်လောင်စာ ၁ ကီလိုအတွက် ရေ ၃၀၀ လီတာလည်း ဖြစ်နိုင်ပါသတဲ့။ ဒါကြောင့်လည်း အခု ထိန်ပင် အမှိုက်ပုံမီးအတွက် မီးသတ်ကားတွေ စစ်တပ်က ရေသယ်ကားတွေ၊ ရဲတပ်ဖွဲ့က ရေအမြောက်ကားတွေ အများကြီးသုံးတာတောင် လွယ်လွယ်နဲ့ မငြိမ်းနိုင်ဘူး ဖြစ်နေတာပါပဲ။ နောက်တနည်းကတော့ အမှိုက်ပုံအောက်မှာ ပိုက်လိုင်းတွေချ မြှုပ်နှံပြီး အေးနေတဲ့ အရည်တွေ ပန့်နဲ့မှုတ်သွင်းပြီး ပြန်စုပ်တင်လို့ အမှိုက်ပုံထဲက အပူတွေ စုပ်ထုတ်တဲ့နည်း (Heat-Extraction System) ပါပဲ။ နောက်ထပ်နည်းကတော့ အမှိုက်ပုံကြီးအတွင်းမှာ မြောင်းတွေတူးပြီး မြေအောက်မီးငုံတွေ (Hot Spots) တွေ လိုက်ရှာဖွေပြီး ငြှိမ်းသတ်တဲ့ နည်းပါပဲ။ အဲဒီနည်းကတော့ အလွန်အကုန်အကျများပါတယ်။ အခြေခံအားဖြင့် မီးငြှိမ်းသတ်တဲ့နည်း ၄ မျိုး ရှိပါတယ်။ ၁) အေးမြစေခြင်း (Cooling – removal of heat source) ၃) လောင်စာများ ဖယ်ရှားခြင်း (Starvation - removal of fuel) ၃) အောက်ဆီဂျင် ဖြတ်တောက်ခြင်း (Smothering – cutting of supply of oxygen) ၄) မီးလောင်ကွင်းဆက် ဖြတ်တောက်ခြင်း (Breaking chain reaction - blanketing) ရန်ကုန်မြို့အနီး လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမီးကိုတော့ ပထမပိုင်းမှာ ရေနဲ့ နိုင်သလောက် ငြှိမ်းသတ်ကြပြီး မီးတားမြောင်းတွေတူး၊ တားဆီးကြပြီး အခု နောက်ဆုံးမှာတော့ ထိုင်းနိုင်ငံကနေ ဝယ်ယူခဲ့တဲ့ BIO FOAM ဆေးအမြှုပ်ရည်တွေနဲ့ ဧပြီလ ၂၇ ရက်နေ့ကစပြီး ငြှိမ်းသတ်လျက်ရှိကြောင်း သိရပါတယ်။ BIO FOAM ဆေးအမြှုပ်တွေက မီးလောင်ခြင်းကို အားပေးတဲ့ အောက်ဆီဂျင်ကို ဖြတ်တောက်ပေးနိုင်သလို မီးလောင်ကွင်းဆက်ကိုလည်း ဖြတ်တောက်ပေးနိုင်မှာပါ။ အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရင်း အပြောင်းအလဲကို ဖော်ဆောင်နေတဲ့ ပြည်သူတင်တဲ့ အရပ်သားအစိုးရအတွက်တော့ ဒီထိန်ပင်အမှိုက်ပုံမီးဟာ ဘူးလေးရာ ဖရုံဆင့်၊ လဲရာ သူခိုးထောင်းခံရ ဆိုသလိုလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အကောင်းမြင်ကြည့်မယ် ဆိုရင်တော့ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဟာ အစိုးရနဲ့ ပြည်သူလူထုကို တပြိုင်နက်တည်း လှုပ်နှိုးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်လာတဲ့ လူနေမှုဘဝတွေနဲ့အတူ တိုးပွားလာတဲ့ စွန့်ပစ်အမှိုက်တွေကို ပိုလို့ ပိုလို့ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေကို သဘာဝပတ်ဝန်းကျင်ကို အထိခိုက်အနည်းဆုံးဖြစ်အောင် ခေတ်နဲ့အညီ ပြင်ဆင်ထည့်သွင်းဖို့ လိုလာပါတယ်။ ဥပမာ မြေပေါ် မြေအောက် အမှိုက်ပစ်ကျင်း (Landfill) နေရာရွေးချယ်တာကစလို့ စွန့်ပစ်အမှိုက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ အမှိုက်ပစ်ကျင်း အမျိုးအစား ရွေးချယ် တည်ဆောက်ရာမှာ မြေအောက်ရေကို မညစ်ညမ်းအောင်၊ ဘေးပတ်ဝန်းကျင် မြေတွေ မပျက်စီး မထိခိုက်အောင်၊ လေထုမညစ်ညမ်းအောင်၊ အနီးနားမှာ နေထိုင်ရတဲ့ ပြည်သူလူထု ကျန်းမာရေး မထိခိုက်အောင် အဘက်ဘက်က ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ်။ အများပြည်သူတွေကလည်း တဦးချင်း တဦးချင်းအလိုက် မိမိတို့စွန့်ပစ်တဲ့ အမှိုက်တွေကို တာဝန်သိစိတ်၊ နိုင်ငံသားစိတ်ဓာတ်ကောင်းတွေနဲ့ သတ်မှတ်ရာ နေရာတွေမှာ စည်းကမ်းရှိရှိ စွန့်ပစ်တဲ့ အလေ့အထကောင်းတွေ စတင်မွေးမြူကြဖို့ လိုပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် အဲဒီလို အစိုးရနဲ့ ပြည်သူ လက်တွဲလို့ အစိုးရကလည်း အစိုးရ တာဝန်ကျေသထက်ကျေအောင် ဆောင်ရွက်မယ်၊ ပြည်သူလူထုတရပ်လုံးကလည်း ဥပဒေစည်းကမ်းတွေကို လိုက်နာလို့ တရားဥပဒေစိုးမိုးအောင် ဝိုင်းဝန်းအားဖြည့် ပူးပေါင်းကြမယ်ဆိုရင် ဘယ်လိုအခက်အခဲမဆို ကျော်လွှားနိုင်မှာ ဖြစ်သလို မဝေးတော့သော ကာလမှာ အားလုံး တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို တည်နိုင်ပြီး နိုင်ငံသားတိုင်း ခွင့်တူညီမျှ တိုးတက်ချမ်းသာရနိုင်လို့ အစွမ်းထက်မြက်တဲ့ အာရှကျားတကောင်အဖြစ် ကမ္ဘာမှာ ဂုဏ်ယူစရာ ဝင့်ထည်လာမှာ မလွဲဧကန်ဖြစ်ပါကြောင်း လေးနက်စွာ တင်ပြ ရေးသားလိုက်ပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024