DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
DVB
·
June 17, 2012
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
Donate to DVB

အခုအချိန်အထိ ပြန်မလွတ်လာသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ကြိုးပမ်းပေးကြ ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_26742" align="alignleft" width="300" caption="​ဒေါ်အောင်ဆန်းစုကြည်"][/caption]

စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ၁၉၉၁ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ခံရခြင်းအတွက် မိန့်ခွန်းပြောကြားရမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တောင်းဆိုလိုက်ပါတယ်။

“ကျမ နိုင်ငံအကြောင်း ဆက်မပြောခင်မှာ ယုံကြည်ချက်အကျဉ်းသားတွေ အကြောင်း ပြောခွင့်ပြုပါ။  ယုံကြည်ချက်အကျဉ်းသားတွေ မြန်မာပြည်မှာ ရှိနေပါတယ်။ ထင်ရှား လူသိများတဲ့ သူတွေ ပြန်လွတ်လာတဲ့နောက်မှာ မထင်ရှား လူသိနည်းတဲ့ သူတွေရဲ့လွတ်မြောက်ရေးကို မေ့နေမလား ဆိုတဲ့ စိုးရိမ်သောကတွေ ရှိပါတယ်။ ကျမ ဒီမှာ ရပ်နေရတဲ့ အကြောင်းက ကျမဟာလည်း တချိန်တုန်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူဖြစ်ပါတယ်။ ကျမ ပြောတာကို နားထောင်နေတဲ့အချိန်မှာ ထပ်တလဲလဲပြောကြတဲ့ အမှန်တရားတရပ်ကို ကျေးဇူးပြုလို့ သတိရပေးကြပါ။ နိုင်ငံရေးအကျဉ်းသား တယောက် ဆိုတာဟာလည်း  အလွန်များတဲ့ အရေအတွက်ပါပဲ။ ကျမတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့ သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တယောက်မက အများကြီးရှိတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်။ သူတို့ကို မြန်မြန်နှင့် ခြွင်းချက်မရှိ ပြန်လွတ်လာဖို့ ဘယ်လိုနည်းနဲ့မျိုးမဆို လုပ်ဆောင်ပေးကြ ၏ပါ။”

ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်လာတဲ့နောက်မှာ ကျန်နေသေးတဲ့ သူတွေကို အရေးကို မေ့လျှော့နေကြသလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားနေတဲ့အဖွဲ့တွေရဲ့ အဆိုအရ အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသား ၅၀၀ ၀န်းကျင် ရှိနေတယ်လို့ ဆိုကြပါတယ်။

အရင်က နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် သမ္မတဆီကို စာရေးတောင်းဆိုခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ကိစ္စ အရေးနဲ့ ပတ်သက်လာရင်  ဂရုတစိုက် ကိုင်တွယ်ဖို့တော့ လိုတယ် လို့ ပြောပါတယ်။

“မနေ့ကပြောသွားတယ်။ သူမပြောခင်ကတည်းကလည်း ဒါတွေက နိုင်ငံခြား အဖွဲ့အစည်းတွေက ပြောနေကြပါတယ်။ အဲဒါတွေလည်း ကျမတို့ထင်တယ်။ ကျမတို့ကော်မရှင် တခုလုံး ဆွေးနွေးပြီးတော့ ဒါတွေက လုပ်စရာရှိတာ လုပ်သွားပါလိမ့်မယ်။ ဒီထက်အစောပိုင်း တုန်းကလည်း ဆွေးနွေးခဲ့တာ ရှိပါတယ်။ သူတို့ကလည်း နိုင်ငံရေး အကျဉ်းသားလို့ပြော တယ်။ ပြစ်မှုကင်းတဲ့ သူတွေဆိုရင် အကုန်လွှတ်ပြီးပြီ ဆိုတဲ့သဘောပေါ့/ ပြစ်မှုကျူးလွန်ထားသူတွေ ကျန်နေတာ ရှိတယ်လို့ အဲဒါတွေကတော့ ရှင်းထုတ်ဖို့လိုတာပေါ့။”

ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကတော့ ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးဆိုးရွားနေတယ်လို့ ဆိုပြီး၊ သမ္မတအနေနဲ့ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားတွေ တော်တော်များများက ကျန်းမာရေး စောင့်ရှောက်မှု အတော်ကို ညံ့ဖျင်းတယ်။ အဲဒီလို ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့အတွက် နေထိုင်မကောင်း တာတွေ တော်တော်များများကို ကြားသိနေရပါတယ်။ အခုဆိုရင် မန္တလေးထောင်မှာ ဦးညီမောင်က အစာအိမ်ကင်ဆာဖြစ်တယ်ဆိုပြီး ကြားသိရတယ်။ ကိုဖြိုးဝေအောင် ဆိုရင်လည်း အောက်ပိုင်းသေသွားပြီ။ မကြာခင်မှာ အသက်ဆုံးရှုံးသွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ကိုဆန်နီ(ခ) ဆံရှားဆိုရင်လည်း အဲဒီလိုပဲ အသက်ဆုံးရှုံးနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ်။ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းသားတော်တော်များများက အဲဒီလိုပဲ ဝေဒနာခံစားနေရာတွေ ရှိတယ်။ အဲဒီလူတွေကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေအရလည်း တကယ့်သေကောင်ပေါင်းလည်း ဖြစ်နေသူတွေကို သမ္မတရဲ့ အမိန့်နဲ့ အကျဉ်းထောင်တွေက လွှတ်ပေးနိုင်ခွင့်ရှိပါတယ်။

အဲဒီအတွက်ဒီကျန်းမာရေးမကောင်းဘူး၊ သေကောင်ပေါင်းလည်း ဖြစ်နေသူတွေကို နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ သင့်တယ်လို့ ကျနော်တို့ထင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013