ရခိုင်ပြည်နယ်က မငြိမ်သက်မှုများနှင့်ပတ်သက်ပြီး နယ်ခံအချို့ အဖမ်းခံနေရ
နေသွင်
·
June 18, 2012

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်း မငြိမ်သက်မှုတွေနဲ့ဆက်စပ်လို့ နယ်ခံ ရခိုင်ပါတီဝင်တချို့နဲ့ ရွာသားတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အရေးပေါ် အခြေအနေကာလ အခုလို ဖမ်းဆီးမှုတွေမှာ အပြစ်မဲ့သူတွေလည်း အဖမ်းခံနေရတယ်လို့ ဝေဖန်တာတွေလည်းရှိနေပါတယ်။
[caption id="attachment_26724" align="alignright" width="300" caption="ရခိုင်ပြည်နယ် စစ်တွေမြို့ (ဓာတ်ပုံ - ရိုက်တာ)"]
[/caption]
ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီး ကျေးရွာတရွာက ရွာသား ၉ ဦးကို နယ်ခံစစ်တပ်က ဖမ်းဆီးထားတဲ့အတွက် ကျောက်တော်မြို့ခံရာနဲ့ချီပြီး တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
ကျောက်တော်မြို့အနီး အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရွာတရွာက အိမ်တချို့ ဒီရက်ပိုင်းမှာ မီးလောင်သွားတဲ့နောက်မှာ အနီးအနား ရခိုင်ရွာက ရွာသားတွေကို စစ်တပ်က စနေနေ့ ညနေပိုင်းက ဖမ်းဆီးသွားတာပါ။
ရွာသား ၉ ယောက်ကို ဖမ်းပြီးနောက် ကျောက်တော်မြို့က ရဲစခန်း အချုပ်ထဲမှာ ဖမ်းထားတာဖြစ်တဲ့အတွက် မြို့ခံ ရခိုင် ၅၀၀ လောက်က မြို့ထဲက ပန်းခြံတခုမှာ စုဝေးပြီး ဆန္ဒပြနေကြတာပါ။
ဆန္ဒပြသမားတယောက်က “ကျောက်တော်မြို့မြောက်ဘက် ၄ မိုင်အကွာလောက်မှာ နဂယာဆိုတဲ့ ရွာလေးတရွာ ရှိတယ်။ အဲဒီရွာကနေ ဘုန်းကြီးကျောင်းဘေးမှာ ရပ်ရွာလုံခြုံရေး၊ ဘုန်းကြီးကျောင်းအတွက် လုံခြုံရေးရှိတယ်။ အဲဒီလုံခြုံရေးကို မနေ့ညနေ ၆ နာရီလောက်က ဗျူဟာမှူးကိုယ်တိုင် ဖမ်းပြီးတော့ အချုပ်ထဲထည့်ထားတယ်။ အဲဒါကိုလူတွေက တောင်းဆိုကြမလို့၊ အဲဒါကို တပ်မတော်ကလာပြီး အသံချဲ့စက်နဲ့အော်နေပါတယ်။ လူစုကွဲဖို့ ကြိုးစားနေတယ်။ လူထုကတော့ လုံးဝမကွဲဘူး။ ”
ပြီးခဲ့တဲ့ ရက်ပိုင်းက မငြိမ်မသက်မှုတွေ ဖြစ်ပြီးနောက် အခုအချိန်အထိ ရခိုင်ပြည်နယ်ဟာ အရေးပေါ် အခြေအနေအောက်မှာ ရှိနေပြီး စစ်တပ်က လုံခြုံရေးကို အဓိက တာဝန်ယူနေတာဖြစ်ပါတယ်။
ကျောက်တော်မြို့ပေါ်အပါအဝင် အနီးအနားက ရွာတွေမှာ အခုအချိန်အထိ ရွာသားတွေက နေ့ရောညပါ လုံခြုံရေးယူနေကြတုန်းပဲလို့ ဆန္ဒပြသမားတွေက ပြောပါတယ်။
ဒါကြောင့် ရခိုင်လူထုကို နယ်ခံ စစ်တပ်က အပြည့်အဝ အကာအကွယ် မပေးဘူးလို့ မကျေမနပ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
“ရခိုင်ပြည်သူတွေ ဘယ်လိုလုပ်ကြမလဲ၊ ဒီဗွီဘီကတဆင့် ပြောပေးပါဦး။ ကျနော်တို့ ရခိုင်ပြည်သူတွေက တပ်မတော်ကို ကြောက်နေရမှာလား၊ ပြည်သူကို တပ်မတော်က အကာအကွယ်မပေးဘူးလား။ အဲဒါတချက်လောက် ပြောပေးပါ။”
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရခိုင်ပြည်နယ်တွင်းမှာ ဆူပူမှုတွေ ဖြစ်အောင် လုပ်ဖို့ စီစဉ်နေတယ်တဲ့ လူတချို့ကို ဖမ်းထားတဲ့အကြောင်း အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။
ဒီအတောအတွင်းမှာပဲ စစ်တွေမှာ အခြေစိုက်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာလ်အန်ဒီပီ) ပါတီဝင် ၃ ဦးလည်း အဖမ်းခံထားရတယ်လို့ ပြောပါတယ်။
ဒီလဆန်းပိုင်း စစ်တွေမြို့က ရဲစခန်းရှေ့မှာ ဈေးအခွန်ကိစ္စနဲ့ပတ်သက်လို့ မကျေနပ်လို့ ဆန္ဒပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့အကြောင်း အာအန်ဒီပီ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။
“ပါတီမှာ အောက်ခြေက စည်းရုံးရေးမှူး တယောက်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ကသိကအောက် ဖြစ်ရတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကနေပြီး ဆွေးနွေးတယ်။ အဲဒီမှာ စခန်းမှူးက ဒီလူက ခဲနဲ့ပေါက်မှုနဲ့ တရားစွဲပြီး ထောင်ထဲပို့လိုက်ပြီဆိုပြီး ဘာမှမဆွေးနွေးဘဲ ပြန်လွှတ်လိုက်တယ်။ အဲဒါမျိုးတွေက မဖြစ်သင့်ဘူး။ အတည်ငြိမ်ဆုံး ကောင်းအောင်လုပ်နေတာ၊ အပေါ်မှာရှိတဲ့ လူကြီးတွေကလုပ်နေတယ်။ အောက်ခြေမှာ ဝန်ထမ်းတွေက ဆောင့်ကြွားကြွား လုပ်နေတာတွေက တော်တော်ဆိုးတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်။ အဲဒါကို စခန်းမှူးထက်မြင့်တဲ့ လူတွေနဲ့ ဆွေးနွေးပါမယ်။ အခုဖမ်းထားတဲ့လူက ကျနော်တို့ပါတီက လူကြီးတွေနဲ့ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ဖြေရှင်းပေးနေတာ။ အဲဒီလူကိုဖမ်းမယ်ဆိုရင် ကျနော်တို့ကိုလည်း ဖမ်းပါ၊ ဦးထွန်းအောင်ကျော်တို့ အမတ်တွေလည်းပါတယ်။ ပါတီကလူကြီးတွေ အကုန်ပါတယ်။ ဖမ်းရင်အကုန်ဖမ်းရမယ်။ အဲဒီနေ့က ပြဿနာတွေ မဖြစ်သင့်အောင် ထိန်းသိမ်းခဲ့ပေးတဲ့သူပဲ။ ကျနော်တို့ သေချာပေါက် အာမခံနိုင်ပါလျက်နဲ့ ဖမ်းထားတယ်ဆိုတာ တခုခုတော့ မှားနေပြီ။”
ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေကြေညာထားတာ ၁ ပတ် ကျော်လာပြီဖြစ်ပြီး အခြေအနေကလည်း စိုးရိမ်ရတဲ့အခြေအနေ မရှိတော့ဘူးလို့ ဦးလှစောက ပြောပါတယ်။
“စစ်အုပ်ချုပ်ရေးဆိုပေမယ့် အရင်တုန်းကလို ၈၈ တုန်းကလို စစ်အုပ်ချုပ်ရေး ပုံစံတော့မဟုတ်ဘူး။ စစ်တွေမြို့ပေါ်မှာလည်း အုပ်ချုပ်ရေးချထားပေမယ့် ကျနော်တို့ တင်းတင်းကျပ်ကျပ်တော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတခါ ဖမ်းဆီးထိန်းသိမ်းတဲ့ အခါမှာကျတော့ အဲဒီလို အပြစ်မဲ့တဲ့သူကော၊ အပြစ်ရှိသူတွေကော သိမ်းကျုံးဖမ်းသွားတာမျိုးရှိတယ်။ ကျနော်တို့ ပါတီကတော့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးရအောင် ဒုက္ခရောက်နေတဲ့သူကိုလည်း တတ်နိုင်သလောက် လုပ်နေပါတယ်။ အာဏာရအဖွဲ့အစည်းလည်း မဟုတ်ဘူး၊ စစ်တပ်လည်းမရှိဘူး၊ လက်နက်လည်း မရှိဘူး၊ ဒါပေမယ့် အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီ စနစ် အကူးအပြောင်းမှာ ဒီလိုမဖြစ်အောင် အတတ်နိုင်ဆုံး လုပ်နေပါတယ်။”
ဒါပေမယ့် အာဏာပိုင်တွေရဲ့ ဒီရက်ပိုင်း ဖမ်းဆီးမှုတွေကိုတော့ ဆင်ဆင်ခြင်ခြင် လုပ်ဖို့ သင့်တယ်လို့ ဦးလှစောက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မငြိမ်သက်မှုတွေအတွင်း လူပေါင်းအနည်းဆုံး ၅၀ သေဆုံးသွားပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်သွားပြီး မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
