Home
မြန်မာသတင်း
တမူးလွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်
DVB
·
April 28, 2018
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုတွေ့ဆုံပွဲကို ဧပြီ ၂၈ ရက်မနက်က စော်ဘွား ၄ ရပ်ကွက် အ.မ.က ၄ မူလွန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်နဲ့ပြည်သူ တိုက်ရိုက်ထိတွေ့စေလိုတဲ့အတွက် အခုလို တွေ့ဆုံတာဖြစ်ပြီး တွေ့ဆုံပွဲကို တမူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ် နဲ့ တိုင်းဒေသကြီလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးနဲ့ ပြည်သူ ၈၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အသီးသီးမှာ ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးကိစ္စတွေနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေကို ထိန်းကျောင်းရေးကိစ္စတွေ ပြည်သူလူထုကို ရှင်းလင်းပြခဲ့ကြပါတယ်။ တက်ရောက်တဲ့ ပြည်သူတွေက မြို့နယ်ရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ မြို့တွင်းလမ်းတွေ ယာဉ်အန္တရာယ်ကင်းရှင်းဖို့၊ လမ်းမတွေ ကတ္တရာခင်းပေးဖို့၊ ရေနုတ်မြောင်းသစ်တွေ ဖောက်လုပ်ဖို့ ကျေးရွာတွေအထိ လျှပ်စစ်မီးလိုင်းတွေ တိုးချဲ့ဆွဲပေးဖို့တို့ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အချို့စီမံကိန်းတွေကို ဆောင်ရွက်ပေးနေပြီဖြစ်ပြီး အခုဘဏ္ဍာရေးနှစ်မှာ လုပ်ဆောင်မပေးနိုင်ရင် နောင်နှစ်မှာ ထည့်သွင်းပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားစာပေသင်ကြားရေးမှာ ချင်းစာပေ ပြဋ္ဌာန်းစာအုပ်တွေ လိုအပ်နေတာကိုလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေက တင်ပြခဲ့ကြပါတယ်။ လျှပ်စစ်ဓာတ်အားခတွေ လျှော့ချပေးဖို့ တင်ပြတာကိုလည်း အခုနှစ်မှာမဖြစ်နိုင်ပေမယ့် ၂၀၁၈/၁၉ ဘဏ္ဍာရေးနှစ်မှာ မဟာဓာတ်အားလိုင်းရရှိအောင် ဆောင်ရွက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။ သတင်း@ဂေါင်ဂေါင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024