နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဧပြီလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ဦးဆောင်ကာ မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းက ၂၀၀၃ ခုနှစ်ကစတင်ကာ ကမ္ဘာတဝှမ်းမှာ လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆ ထိခိုက်မှု၊ ရောဂါခံစားရမှုတွေ ကြိုတင်ကာကွယ်ရေးကို အဆင့်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကို မြန်မာနိုင်ငံမှာတော့ ဒုတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ဒီနေ့မှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် မွန်ပြည်နယ်တို့မှာ တပြိုင်နက်တည်း ကျင်းပနေကြတာဖြစ်ပါတယ်။
ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ အလုပ်ရုံတွေက ကိုယ်စားလှယ်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
“လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကျန်းမာရေးတို့အတွက် အခြေအနေ ကောင်းတွေမရှိတဲ့ စိန်ခေါ်မှုတွေများလွန်တဲ့ နိုင်ငံတွေကို နိုင်ငံတကာရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက် ရင်းနှီးမြုပ်နှံလေ့မရှိတာကို သတိပြုစေလိုတယ်။ ဒါကြောင့် အခြေအနေကောင်းတွေ ဖြစ်အောင် ကျနော်တို့နိုင်ငံရဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အခြေအနေတွေကို မြှင့်တင်ပေးဖို့ အခုလို အသိပညာမြှင့်တင်ရေး အခမ်းအနားတွေအပြင် မိမိတို့လုပ်ငန်းခွင်နဲ့ ကိုက်ညီအောင် ညှိနှိုင်းပြီး ပြန်လည်ကျင့်သုံးဆောင်ရွက်ဖို့လိုတယ်” လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
စစ်တမ်းတွေအရ ကမ္ဘာတဝှမ်းရှိ လုပ်ငန်းခွင်တွေမှာ လူငယ်အလုပ်သမားတွေ မတော်တဆ ထိခိုက်ဖြစ်ပွားမှုနှုန်းက လူကြီးအလုပ်သမားတွေထက် ၄၀ ရာခိုင်နှုန်း ပိုများနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (မူကြမ်း)ကို လွှတ်တော်ကို တင်ပြထားပြီး သတင်းစာကတဆင့် အများပြည်သူလေ့လာနိုင်အောင် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ဥပဒေပြဋ္ဌာန်းပြီးရင် အမျိုးသားအဆင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကောင်စီကို ဖွဲ့စည်းမှာဖြစ်သလို ဖွဲ့စည်းပြီးပါက အလုပ်ခွင်ထဲမှာဖြစ်ပေါ်တဲ့ ဘေးအန္တရာယ်နှင့် ကျန်းမာရေးပြဿနာတွေကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်လာမယ်လို့လည်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထွန်းက ပြောဆိုခဲ့ပါသေးတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ အလုပ်ရှင် အလုပ်သမားပြဿနာတွေလည်း များစွာဖြစ်ပေါ်နေဆဲဖြစ်ပြီး အလုပ်သမားအခွင့်အရေးတွေ များစွာဆုံးရှုံးနေဆဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ၂၀၁၇ ဒီဇင်ဘာလကုန်ထိ ရရှိထားတဲ့စာရင်းတွေအရ စက်ရုံအလုပ်ရုံပေါင်း ၂၇၃၀၊ ဆိုင်၊ အလုပ်ဌာနပေါင်း ၆၈၇၄ ခုရှိတယ်လို့ သိရပါတယ်။