Home
မြန်မာသတင်း
အီးယူက မြန်မာနိုင်ငံပေါ် လက်နက်ပိတ်ဆို့မှု သက်တမ်း ၁ နှစ် ထပ်တိုး
DVB
·
April 27, 2018
ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံအပေါ် လက်နက်တားဆီးပိတ်ဆို့မှု နောက်ထပ် သက်တမ်း တနှစ် ထပ်တိုးလိုက်တယ်လို့  ဥရောပကောင်စီက ဧပြီ ၂၆ ရက်မှာ ကြေညာပါတယ်။ အီးယူအနေနဲ့ မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အရာရှိတွေကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ပင်တားဆီးမှုတွေ ထပ်လုပ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာအပေါ် လက်ရှိချမှတ်ထားတဲ့ စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတာနဲ့ တင်ပို့တာတွေကို တနှစ်ထပ်တိုး ကန့်သတ်ပိတ်ပင်ထားမယ့်အပြင် စစ်တပ်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုနိုင်မယ့် စစ်ဘက်ရော အရပ်ဘက်ပါ နှစ်မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေလည်း တင်ပို့မှု တားမြစ်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ စစ်သင်တန်းတွေ ပို့ချပေးတာတွေကိုလည်း တားဆီးပိတ်ပင်ထားလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ရာမှာ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးဖောက်ဖျက်နှိပ်စက်မှု စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တားဆီးနေသူတွေ၊ အကူအညီလိုနေတဲ့ အရပ်သားတွေကို လူသားချင်း စာနာမှုအကူအညီတွေ အမြန်ပေးခွင့်မရအောင် ဟန့်တားနေသူတွေကိုလည်း ခရီးသွားလာခွင့် တားမြစ်တာနဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာတွေ ပါနိုင်တဲ့ ဥပဒေမူဘောင်တခု ပြဋ္ဌာန်းမယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချလိုက်ပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တာဝန်ခံမှု ရှိရေးအတွက် ဖော်ဆောင်ဖို့လည်း မြန်မာအစိုးရကို ဥရောပကောင်စီက တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရလက်ထက်ကတည်းက အီးယူက မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ကျင့်သုံးခဲ့တာဖြစ်ပြီး ၂၀၁၃ ဧပြီလမှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးပြီး လက်နက်ပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိ တနှစ်ပြီး တနှစ် သက်တမ်း ထပ်တိုးနေတာ ပါ။ ဥရောပနိုင်ငံတွေက မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ထားပေမယ့် မြန်မာနိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံအပြင် ရုရှားနိုင်ငံကလည်း စစ်လက်နက်တွေနဲ့ စစ်လေယာဉ်တွေပါ ဝယ်ယူ အသုံးပြုနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024