Live
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်သစ်များခန့်အပ်မှု ဥပဒေနှင့်ညီစေလို
အာကာ
·
April 26, 2018
  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာ အဖွဲ့ဝင်သစ် ၃ ဦးထပ်မံခန့်အပ်တာ ဟာ ဥပဒေနဲ့ညီရင် ပိုအားကောင်းမယ်လို့ ပြည်တွင်းမှာ လူ့အခွင့်ရေး ပညာပေးနေတဲ့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်သန်း၊ အငြိမ်းစား သံအမတ်ကြီး ဦးညွန့်တင်နဲ့  ရန်ကုန်အဝေးသင်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်တင်မေထွန်းတို့ကို ကော်မရှင် အဖွဲ့ဝင်တွေအဖြစ် ဧပြီ ၂၅ ရက်မှာ နိုင်ငံတော်သမ္မတက ဖြည့်စွက် ခန့် အပ်လိုက်တာပါ။ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “၂၀၁၄ မှာ လူအခွင့်အရေး ကော်မရှင်ဥပဒေ ပေါ်ပေါက်ခဲ့တယ်။ ဥပဒေမှာ လစ်လပ်သွားရင် ရွေးချယ်ရေးအဖွဲ့ကနေ အမည်စာရင်းတင်သွင်း၊ လွှတ်တော်မှာ ပြန်ရွေးချယ်၊ ဒါပေမယ့် အခုလို လွှတ်တော်ပိတ်ထားတဲ့ အချိန်မှာ ခုနကလို တိုင်ပင်မှုတွေ ရှိရဲ့လား၊ ရွေးချယ်ရေးအဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း အမည်စာရင်းတင်သွင်းမှုတွေ ရှိရဲ့လား၊ ဒါကို ကျနော်တို့ သေချာမသိဘူးခင်ဗျ။ လုပ်တာကောင်းပေမယ့် ပြဌာန်းထားတဲ့ ဥပဒေအတိုင်း လုပ်ရင် ပိုမို အားကောင်းပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်သစ် ၃ ဦးဟာ ဧပြီလ ၂၇ ရက်နေ့မှာ စတင် တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အရင်က အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပြီး ၂၀၁၆ အောက်တိုဘာလမှာ အင်းဝအပ်ချုပ်ဆိုင်အမှုနဲ့စပ်ဆက်ပြီး အဖွဲ့ဝင် ၄ ဦး နုတ်ထွက်ခဲ့ပါတယ်။ အခု ကော်မရှင်အဖွဲ့ဝင် အသစ် သုံးဦးကိုတော့ ၁ နှစ်ခွဲအကြာမှာ ထပ်မံခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024