မွေး​မြူ​ရေး​ငါး​ ထုတ်လုပ်မှုကျဆင်း​ပြီး​ ငါး​ဈေး​တက်

ပြည်တွင်း​မွေး​မြူ​ရေး​ငါး​ ထုတ်လုပ်မှု ကျဆင်း​တဲ့​အတွက် လတ်တ​လော ငါး​ဈေး​မြင့်​တက်​နေမှုဟာ ၆ လ​လောက် ကြာနိုင်တယ်လို့​ သိရှိရပါတယ်။ ရန်ကုန်မြို့​ ကြည့်​မြင်တိုင် စံပြငါး​ဈေး​မှာ အခုရက်ပိုင်း​ ငါး​အဝင် ထက်ဝက်​လောက် ကျဆင်း​သွား​ပြီး​ ငါး​ဈေး​တွေ မြင့်​တက်​နေတာပါ။ မြန်မာနိုင်ငံ ငါး​ လုပ်ငန်း​အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဝင်း​ကြိုင်က “ငါး​မွေး​မြူ​ရေး​လုပ်ငန်း​က အရှုံး​ပေါ်ပြီး​တော့​ ရင်း​နှီး​မြှုပ်နှံမှုက မတတ်နိုင်တဲ့​ အတွက်​ကြောင့်​ ​လျော့​သွား​တဲ့​ ပြဿနာဖြစ်​တော့​၊​ အခုလို ​ဈေး​တက်လာလို့​ အကျိုး​အမြတ် ပြန်ကြည့်​လာမယ်ဆိုရင်​တော့​ နည်း​နည်း​လေး​ ငါး​ကောင်​ရေကို ထည့်​ပြီး​တော့​ ပြန်ကြိုး​စား​မွေး​ရင်​တော့​ အနည်း​ဆုံး​ ၆ လ ​လောက်​တော့​ အရှိန်ယူရမယ်ဗျ။ ၆ လ ​နောက်ပိုင်း​လောက်မှ ပို​ကောင်း​လာမယ်။ ဒီကြား​ထဲမှာ​တော့​ ကျ​နော်တို့​ ချက်ချင်း​ကြီး​ ဖန်တီး​လို့​တော့​ မရဘူဗျ။ သီတင်း​ကျွတ်၊​ တန်​ဆောင်မုန်း​ကျရင် အင်း​အိုင်ငါး​တို့​၊​ ပင်လယ်ငါး​တို့​ကလည်း​ ဖမ်း​ဆီး​ကာလ ဖြစ်​တော့​ ပြန်တက်လာဦး​မှာ​ပေါ့​။ အဲဒါ​လေး​ပဲ အား​ကိုး​စရာ ရှိပါတယ်။ ​မွေး​မြူချိန်​လေး​ပေး​ရမယ် ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီ ၄၊​ ၅၊​ ၆ လ​လောက်က​တော့​ ကုန်တက် ရှား​တာတို့​ ကုန်တက်နိမ့်​တာတို့​ ဆိုတဲ့​ အဲဒီလို ကာလ​လေး​ကို​တော့​ ဖြတ်သန်း​ရမယ့်​ သ​ဘောရှိတယ်ဗျ။” ​ဈေး​ကွက်ထဲ ငါး​အဝင်ရပ်သွား​တာမျိုး​ မဟုတ်ဘဲ အဝင်​လျော့​သွား​တာလို့​လည်း​ ​ပြောပါတယ်။ ​မွေး​မြူ​ရေး​ငါး​ထုတ်လုပ်သူ​တွေဟာ အ​မေရိကန်​ဒေါ်လာနဲ့​ မြန်မာကျပ်​ငွေလဲနှုန်း​ စတင်ကျဆင်း​ခဲ့​တဲ့​ ၂၀၁၀ ခုနှစ် ဩဂုတ်လ​လောက်ကစပြီး​ အရှုံး​ပေါ်ခဲ့​ကြတာ ၂ နှစ်​လောက်ကြာသွား​ခဲ့​ပြီမို့​ ​မွေး​မြူ​ရေး​ငါး​ ထုတ်လုပ်သူ ၄၀ ရာခိုင်နှုန်း​လောက် လုပ်ငန်း​တွေ ရပ်ဆိုင်း​နေပါတယ်။ အဲ့​ဒီလို ရပ်ဆိုင်း​ကုန်တာရဲ့​ အကျိုး​ဆက်အဖြစ် အခု ကုန်အဝင်နည်း​ပြီး​ ​ဈေး​တက်လာတာ ဖြစ်ပါတယ်။ ငါး​ရောင်း​ချတဲ့​ ​ဈေး​ကွက်မှာ ​မွေး​မြူ​ရေး​ငါး​က အင်း​အိုင်​ချောင်း​မြောင်း​ကရတဲ့​ ငါး​ထက် ပိုတဲ့​ အ​ကြောင်း​လည်း​ ဦး​ဝင်း​ကြိုင်က ​ပြောပြပါတယ်။ “တကယ်​တော့​ ​မွေး​မြူ​ရေး​ငါး​က ပိုများ​လာ တယ်။ မြန်မာပြည်ရဲ့​ တိုး​တက်လာတဲ့​ လူဦး​ရေနဲ့​ အင်း​အိုင် ငါး​ထုတ်လုပ်မှု​တွေက တနှစ်ထက် တနှစ်က ​လျော့​နေတာ မတိုး​ဘူး​။ အဲဒီ​တော့​ စား​သုံး​မှုက မြန်မာလူမျိုး​က ​ရေငန်ငါး​ကို မကြိုက်ဘူး​။ ​ရေချိုငါး​ကို ကြိုက်​တော့​ အင်း​အိုင် ငါး​က​တော့​ သူက ကြိုက်လည်း​ ကြိုက်တယ်။ စား​လည်း​ စား​တယ်။ ဒါ​ပေမယ့်​ အင်း​အိုင်ငါး​က ​လျော့​လာတဲ့​အခါကျ​တော့​ ​မွေး​မြူ​ရေး​ငါး​ကိုပဲ အား​ပြုစား​ရ​တော့​ အခု မြန်မာ​တွေရဲ့​ အဓိက အား​ပြုစား​တဲ့​ ​ဈေး​ပေါ​ပေါနဲ့​ များ​များ​စား​လို့​ရတယ်။ ​ဈေး​ကွက်ထဲမှာလည်း​ အမြဲရှိတဲ့​ ငါး​က​တော့​ ငါး​မြစ်ချင်း​လို့​ ငါး​မျိုး​တွေ​ပေါ့​ဗျာ။” ​မွေး​မြူ​ရေး​ငါး​ထုတ်လုပ်သူ​တွေက အခုလို ကုန်အဝင်နည်း​ချိန်မှာ ပြည်ပတင်ပို့​တဲ့​ ငါး​ဈေး​နှုန်း​ တိုး​ရဖို့​ ကြိုး​ပမ်း​နေကြပြီး​၊​ နှစ်နဲ့​ချီ အရှုံး​ပေါ်​နေတဲ့​ သူတို့​မွေး​မြူ​ရေး​ လုပ်ငန်း​တွေ ပြန်ဦး​မော့​လာဖို့​ ​မျှော်လင့်​နေကြပါတယ်။ ပြည်တွင်း​မှာ ၁ နှစ်ကို ​မွေး​မြူ​ရေး​ငါး​ တန်ချိန် ၄ သိန်း​လောက် ထွက်ရှိပြီး​၊​ တန်ချိန် ၁ သိန်း​လောက် ပြည်ပ တင်ပို့​နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up