ကဆုန်ညောင်ရေသွန်းပွဲတော် မြိတ်မြို့တွင် စတင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ၇၄ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်နဲ့ ဒီပင်္ကရာမြတ်စွာဘုရား ရုပ်ပွားတော် လှည့်လည်ပူဇော်ပွဲကို  ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ဝိုင်ဘီအေ ဗုဒ္ဓဘာသာ လူငယ်များအသင်းက ကြီးမှူးပြီး မြိတ်မြို့မှာ နှစ်စဉ် ကျင်းပမြဲ ဖြစ်တဲ့  ကဆုန်ညောင်ရေသွန်းပွဲတော်ကို အစဉ်အလာမပျက် ကျင်းပနေတာဖြစ်ပါတယ်။ အခုနှစ်မှာလည်း ဘုရားငါးဆူကွင်းမှာ ယာယီစံကျောင်းတော်မှာ ပူဇော်မယ့် ဒီပင်္ကရာ မြတ်စွာဘုရား ရုပ်ပွားတော်ကို ဧပြီလ ၂၆ ရက် မနက် ၇ နာရီမှာ မြို့တွင်းသို့ဒေသစာရီ လှည့်လည် ပူဇော်ကာ ညနေပိုင်းမှာ ရေသွန်းလောင်းပြီး ၅ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပင်္ကရာမြတ်စွာဘုရားရုပ်ပွားတော် မြို့တွင်း လှည့်လည်ပူဇော်ရာမှာ မင်္ဂလာစည်တော် ယာဉ်၊ သာသနာ့အလံကိုင်အဖွဲ့၊ ဥပါသကာများ၊ ဓမ္မစကြာအဖွဲ့၊ ပွဲစံပွဲရံတွေ ခြံရံကာ ရုပ်ပွားတော်ကို ပြသာဒ်မော်တော်ယာဉ်နဲ့ ပင့်ဆောင်ကာ မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည်ပူဇော်ရာ လမ်းတလျှောက် လမ်းဘေး ဝဲယာမှာ ပြည်သူအပေါင်းတို့က ပန်း၊ ရေချမ်း၊ အမွှေးနံ့သာရည်တွေနဲ့ အလှူငွေတွေ  လှူဒါန်း ကုသိုလ်ယူခဲ့ကြပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်ရက်အတွင်း မြိတ်မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားတွေ၊ စေတီပုထိုးတွေ၊ ဗုဒ္ဓရုပ်ပွားတော်တွေကို အမွှေးနံ့သာနဲ့ ပူဇော်တာ၊ ရေသွန်းလောင်းပူဇော်တာ၊ စေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာရှိတဲ့ ဗောဓိပင်တွေမှာလည်း ညောင်ရေ သွန်းလောင်းတာတွေဟာ နှစ်စဉ်ကျင်းပတဲ့ မြိတ်မြို့ရဲ့ ကဆုန်လ ညောင်ရေသွန်းပွဲတော် ကြည်နူးဖွယ်ရာ ဓလေ့တစ်ခုဖြစ်ပါတယ်။ မြိတ်မြို့ ကဆုန်ညောင်ရေသွန်းပွဲတော်မတိုင်မီ မြို့တွင်းမှာ လှည့်လည်ပူဇော်ခံရာမှာ ရပ်ကွက်အလိုက် ပွဲစံပွဲရံတွေက လမ်းလျှောက်တာနဲ့ ပြုလုပ်တဲ့ဓလေ့ တခုဖြစ်ပေမယ့် ၂၀၁၂ ခုနှစ်စပြီး ရာသီဥတု ပူပြင်းတဲ့အတွက် ပွဲစံပွဲရံတွေက လမ်းမလျှောက်တော့ဘဲ ကားနဲ့ လှည့်လည်ခဲ့ကြပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up