Home
မြန်မာသတင်း
မသန်စွမ်းသူများကို အသက်မွေးဝမ်းကျောင်းပညာသင်ပေးပြီး အလုပ်ခန့်သွားမည်
DVB
·
April 26, 2018
နိုင်ငံတော်အစိုးရအနေနဲ့ မသန်စွမ်းသူတွေကို အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးပြီး အလုပ်ခန့်ဖို့ရှိတယ်လို့ လူမှုဝန်​ထမ်းနှင့် ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာန၊ ပြန်​လည်​ထူ​ထောင်​​ရေးဦးစီးဌာနမှ ဒုညွှန်​​ကြား​ရေးမှူးချုပ်​ ဦးမျိုးဆက်အောင်ကပြောပါတယ်။ ဧပြီ ၂၅ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ​တောင်​က​လေးကျေးရွာရှိ ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနကို လာရောက်လေ့လာစဉ် ပြောကြားခဲ့တာပါ။ “နိုင်ငံတော်အစိုးရဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ အတတ်နိုင်ဆုံး ထောက်ပံ့ဖို့ အစီအစဉ်ရ ရှိပါတယ်။ နောက်တခါ ခြေတု လက်တု လိုတဲ့သူ ခြေတု လက်တုပေးနိုင်အောင်လို့ စာရင်းကောက်ယူပြီးရင် ဒါကို လုပ်မှာဖြစ်ပါတယ်။ အဲဒါအပြင် မသန်စွမ်းတွေကိုလည်း ဖြစ်နိုင်သမျှ သူတို့နဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးပြီး အလုပ်ခန့်ဖို့ ရှိတယ်။ ကျနော်တို့ တတ်နိုင်သမျှ အကောင်းဆုံး အမြန်ဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ”လို့ ဒုညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က ပြောပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒေသတွင်းက ခြေတုလက်တုအလုပ်ရုံတွေမှာ ပစ္စည်းလိုအပ်ချက်နဲ့ ကိုက်ညီအောင် ကူညီဆောင်ရွက်ပေးနိုင်ဖို့နဲ့ မသန်စွမ်းတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အန်ဂျီအိုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး လာရောက်လေ့လာတာလည်း ဖြစ်ပါတယ်။ ဘားအံ ​ခြေတုလက်​တုဆိုင်​ရာ ပြန်​လည်​သန်​စွမ်း​ရေးဌာန၊ တာဝန်​ခံမန်​​နေဂျာ ​ဒေါ်​ကျော့သီတာ​အောင်​က “ကျမတို့ဆီလာပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုပြီးတော့ ဒါကနဦးပေါ့။ နဂိုကလည်း ကျမတို့က ပြန်လည်သန်စွမ်းရေး လုပ်နေတဲ့ အခါကျတော့ ဆက်စပ်မှုကတော့ ရှိပါတယ်။ နောက်ပိုင်း သူတို့ဘက်က ပံ့ပိုးမှုတွေ ဘယ်လို လုပ်ပေးရမလဲ ဆိုတာမျိုး လာလေ့လာတာပါ”လို့ ပြောပါတယ်။ ဘားအံ ​ခြေတုလက်​တုဆိုင်​ရာ ပြန်​လည်​သန်​စွမ်း​ရေးဌာနဟာ ကရင်​ပြည်​နယ်​​၊ မွန်​ပြည်​နယ်​၊ ကယားပြည်​နယ်​၊ တနင်္သာရီတိုင်း​ဒေသကြီးနဲ့ ပဲခူးတိုင်း​ဒေသကြီးအ​ရှေ့ခြမ်းက အ​ကြောင်းအမျိုးမျိုးနဲ့ မသန်​စွမ်းသူ​တွေကို ကူညီ​ထောက်​ပံ့​ပေး​နေတာပါ။ မိုင်း​ကြောင့် ထိခိုက်​ဒဏ်​ရာရရှိသူ​တွေကို အရင်က အများဆုံး ကူညီ​ ဆောင်​ရွက်​​ပေး​နေရာက ပြည်​တွင်းငြိမ်းချမ်း​ရေး ရရှိပြီး​နောက်​ မိုင်း​ထိသူ ​လျော့နည်းလာတယ်​လို့ တာဝန်​ရှိသူတွေက ​ပြောပါတယ်​။ ​ခြေတု လက်​တု နယ်​လှည့်တပ်​ဆင်​တာ၊ ပြန်​လည်​ပြုပြင်​​ပေးတာအပြင်​ ကုသ​ရေး စင်​တာကို ရပ်ဝေးက လာ​ရောက်​သူ​တွေအတွက်​ ခရီးစရိတ်​၊ စား​သောက်​​နေထိုင်​နိုင်ရေး စီမံ​ဆောင်​ရွက်​​ပေး​ခဲ့ရာ ၂၀၀၃ ခုနစ်​မှ ဒီနေ့ထိ ၁၅ နှစ်​တာအတွင်း လူနာ​ပေါင်း ၇၀၀၀​ကျော်​ကို ကူညီ​စောင့်ရှောက်ပေးနိုင်​ခဲ့ပါတယ်​။ သတင်း - ရဲမင်း​ခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024