Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံ မီးလောင်မှု ၈၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်၊ ထိုင်းမှ Bio Foam မှာယူ မီးငြှိမ်းသတ်မည်
DVB
·
April 26, 2018
ရန်ကုန်၊ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို ၈၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မီးငြှိမ်းသတ်နိုင်ဖို့ ထိုင်းနိုင်ငံကနေ  Bio Foam ဓာတုဓာတ်ငွေ့ရည်တွေ မှာယူတင်သွင်းသွားဖို့ ဧပြီ ၂၄ ရက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ မီးငြှိမ်းသတ်ရာမှာ ပိုပြီးထိရောက်ဖို့အတွက် Bio Foam ဂါလန် ၁၈၀၀ ကို မြဝတီလမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံကနေ မှာယူတင်သွင်းမှာဖြစ်ပြီး ဒီအတွက် လမ်းညွှန်မှုပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်လို့လည်း သိရပါတယ်။ မီးလောင်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ မနေ့ကပြုလုပ်တဲ့ လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီး အမြန်ငြှိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။ "အရေးအကြီးဆုံး လိုအပ်တာက လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ဖို့ရယ်၊ ကျန်းမာရေးကိစ္စ ဝန်ဆောင်မှု ပေးနိုင်ဖို့ရယ်၊ မီးလောင်နေတဲ့ အမှိုက်ပုံကို မီးကူးစက်မှုမရှိစေရေးက ပထမအဆင့်၊ ဒုတိယအဆင့်က အပြီးသတ် မီးငြှိမ်းသတ်ရေးနဲ့ မီးခိုးပျောက်သွားဖို့ ဖြစ်ပါတယ်၊ အခုကျနော်တို့ ရောက်နေတဲ့အဆင့်က မီးမကူးစက်ရေးကိုတော့ ထိန်းနိုင်ပြီ၊ မီးငြှိမ်းသတ်ရေးကို ၈၀ ရာခိုင်နှုန်းလောက် ထိန်းနိုင်ပြီ၊ မထိန်းနိုင်သေးတာ မီးခိုးဖြစ်ပါတယ်။ မီးခိုးကို နည်းပညာပိုင်းဆိုင်ရာနဲ့ ထပ်ပြီးဆောင်ရွက်နိုင်ဖို့ Bio Foam သုံးမယ်ဆိုတဲ့ အစီအစဉ် ဆောင်ရွက်ထားတယ်၊ အခု မှာယူထားတယ်၊ ဒါက ၃၆ နာရီအတွင်း ရောက်လာနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်"လို့ ၀န်ကြီးချုပ်ကပြောပါတယ်။ မီးငြှိမ်းသတ်ရာမှာ အသုံးပြုဖို့ Bio Foam ဓာတုဓာတ်ငွေ့ရည်တွေကို ထိုင်းနိုင်ငံမှ မှာယူထားကြောင်း Bio Foam ဂါလံ ၅၀၀၀ လောက် လိုအပ်ပေမယ့် ဂါလန် ၁၈၀၀ သာ ရရှိမယ်လို့  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း နိုင်ငံပိုင်သတင်းစာကို ပြောပါတယ်။ “မီးငြှိမ်းသတ်ရေးအပိုင်းမှာတော့ မီးကို ၈ဝ ရာခိုင်နှုန်း နိုင်နေပြီ။ ပြဿနာက မီးခိုး၊ မီသိန်းကနေပြီးစတာ၊ နောက်ပြီးတော့ ပလတ်စတစ်ပါတယ်။ မီးခိုးထွက်တာက များတယ်။ အဲဒီအပိုင်းကို ငြှိမ်းသတ်ဖို့ စီစဉ်နေပါပြီ။ Bio Foam ဓာတ်ငွေ့ရည်ကို ဂျပန်နဲ့ ပြင်သစ်က သုံးတယ်လို့ ပြောတယ်။ ကံကောင်းစွာပဲ ထိုင်းကရမယ်လို့ ပြောတယ်။ လိုတာက ဂါလန် ၅ဝဝဝ လောက်လိုတယ်။ ရမှာက ဂါလန် ၁၈ဝဝ လောက်ရမှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရသလောက်ယူပြီး သုံးရမယ်။ ဓာတ်ငွေ့ထွက်တာ နည်းသွားအောင်လုပ်ပါမယ်” အောက်ဆီဂျင်ကို ဖြတ်တဲ့အနေနဲ့ Bio Foam ဓာတ်ငွေ့ရည်သုံးမှာဖြစ်တယ်၊  ဓာတ်ငွေ့ရည်က ဖျန်းလိုက်တာနဲ့ အောက်ဆီဂျင် ဖြတ်ချပြီးသား ဖြစ်သွားတဲ့အတွက်ကြောင့် မီးထပ်မလောင်တော့ဘူးလို့လည်း မြို့တော်ဝန်က ပြောပါတယ်။ မနေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှာ မီးလောင်ပြင်ကို ရေ တိုက်ရိုက်ပေးပို့ မီးငြှိမ်းသတ်ဖို့၊  လေထုညစ်ညမ်းမှုကို တိုင်းတာဖို့၊ N 95 မျက်နှာဖုံးပေါင်း တသိန်း ဖြန့်ဝေပေးဖို့၊ ဒေသန္တရ ကျန်းမာရေးဆေးခန်းတွေ ဖွင့်ဖို့ စတာတွေလည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေနဲ့ မီးလောင်မှု၊ မီးငြှိမ်းသတ်နိုင်မှု အခြေအနေတွေကို ပြည်ထောင်စု အစိုးရကိုလည်း တင်ပြထားတယ်လို့ တိုင်းအစိုးရရုံး အရာရှိတယောက်က ပြောပါတယ်။ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ် စုစုပေါင်း ၆၂ စီး၊ မီးသတ် အင်အား ၄၀၀ ကျော်၊ စည်ပင်သာယာရေး ကော်မတီက မီးသတ် ယဉ် ယန္တရားပေါင်း ၂၆ စီး၊ ဝန်ထမ်းအင်အား ၁၇၀၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်က မီးသတ်နဲ့ ရေသယ်ယာဉ် ၁၂ စီး၊ စစ်သည်အင်အား ၁၆၀ နဲ့ ငြှိမ်းသတ်နေတယ်လို့ဆိုပါတယ်။ မီးလောင်တဲ့ နေရာဝန်းကျင်မှာ ဒေသန္တရ ဆေးခန်း ၅ ခုကို ကျန်းမာရေးဦးစီးဌာနက ဒုတိုင်းဦးစီးကိုယ်တိုင် ကွပ်ကဲနေပြီး အသက်ရှူမဝတဲ့ လူနာ ၁၃ ယောက်ကိုတော့ လှိုင်သာယာ ဆေးရုံကို အတွင်းလူနာအဖြစ် တင်ထားတယ်လို့လည်း သိရပါတယ်။ အသက် ၆၀ ကျော် အမျိုးသမီးတဦးကတော့ အသက်ရှူမွန်းကျပ်ဝေဒနာခံစားရလို့ အောက်စီဂျင်ပေး ကုသမှုခံယူခဲ့ရပြီး သက်သာသွားလို့ နေအိမ်သို့ ပြန်အရောက်မှာ သေဆုံးသွားတယ်လို့ ကြားသိရတဲ့အကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နိုင်ငံပိုင်သတင်းစာကို ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024