ရွှေကျင်မြို့တွင် ယမ်းပျော့များ သယ်ဆောင်လာသည့် ယာဉ် ၁စီးဖမ်းမိ
DVB
·
April 25, 2018
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မှာ ယမ်းပျော့တွေ သယ်ဆောင်လာတဲ့ ယာဉ်တစီးကို ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။
ဧပြီ ၂၂ ရက်ညက နစ်ဆန်း ၁၂ ဘီးယာဉ်တစီးကို စစ်ဆေးတဲ့အခါ ယာဉ်ပေါ်မှာ ဆိုင်ယာနိုက် ယမ်းပျော့ချောင်း စုစုပေါင်း အလေးအချိန် ၄၄၈၀ ပေါင်နဲ့ ဆနွင်းတက်အိတ် ၁၂၀ နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်မောင်း ဦးကျော်စိုးက ထွက်ပြေး လွတ်မြောက်သွားပါတယ်။
မန္တလေးနေ ယာဉ်ပိုင်ရှင်ဦးမိုးကျော်ကို ဆင့်ခေါ်ပေမယ့် မလာရောက်လို့ ဧပြီ ၂၄ ရက်မှာ မြို့နယ်တရားမဝင်ကုန်စည်စီးဆင်းမှု ထိန်းချုပ်ရေးအဖွဲ့က ဖွင့်ဖောက်စစ်ဆေးရာမှာ ယမ်းပျော့်တွေကို တွေ့ရှိတာပါ။
ယမ်းပျော့အိတ်တွေဟာ ပေါက်ကွဲစေနိုင်တတ်တာကြောင့် အမှတ် (၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အခြေချစစ်ဗျုဟာ(ရွှေကျင်)တွဲထံ လွှဲပြောင်းအပ်နှံသွားမယ်လို့ သိရတယ်။
ပေါက်ကွဲစေတတ်သော ယမ်းပျော့တွေကို တရားမဝင်ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာတဲ့ ယာဉ်မောင်း ဦးကျော်စိုးကို ရွှေကျင်မြို့မရဲစခန်းက ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅/၆ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။
သတင်း - နေလင်းထိုက်