Home
မြန်မာသတင်း
မြေငလျင်မကြာခဏ လှုပ်နေပေမယ့် ရဲနွယ်ရေလှောင်တမံ စိုးရိမ်စရာမရှိ
DVB
·
April 25, 2018
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အနီးကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၅ မှ ၅ ဒသမ ၂ အတွင်းရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တွေ အကြိမ်ကြိမ် ဆက်တိုက်လှုပ်နေပေမယ့် ရဲနွယ်ရေလှောင်တမံရဲ့ အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ရေလှောင်တမံ တာဝန်ရှိသူက ပြောပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းမှာ ရဲနွယ်ရေလှောင်တမံကြီးရဲ့ ၂၅ မိုင်နဲ့ ၃၀ မိုင်လောက် ကွာဝေးတဲ့တမံ အနောက်မြောက်ဘက် နေရာတွေကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင် ၆ ကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မြေငလျင်လှုပ်ခတ်နေမှုကြောင့် ရဲနွယ်ရေလှောင်တမံနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား စိုးရိမ်စိတ်နဲ့ ရေသားပြောဆိုမှုတွေရှိနေတာကြောင့် ရေလောင်တမံ တာဝန်ရှိသူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ လက်ရှိအချိန်အထိ တာတမံမှာ စိုးရိမ်ဖွယ်မရှိဘဲ ကြံ့ခိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရဲနွယ်ရေလှောင်တမံ တာဝန်ခံ ဦးစီးအရာရှိ ဦးတင့်လွင်က “ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေနဲ့ တာဝန်ရှိသူတွေက မြေငလျင် လှုပ်ခတ်ပြီးချိန်တိုင်း ရေလှောင်တမံကြီးရဲ့ ကြံ့ခိုင်မှုကို လိုအပ်တဲ့ နည်းပညာတွေနဲ့ တိုင်းတာစစ်ဆေးစောင့်ကြည့်နေပါတယ်။ ဒီနေ့အချိန်ထိ ရေလှောင်တမံကြီး ကြံ့ခိုင်မှုဟာ လွန်စွာကောင်းမွန်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ရဲနွယ်ရေလှောင်တမံကြီးကို စစ်တောင်းလွင်ပြင်ဒေသ ရေကြီး နစ်မြုပ်မှု ကာကွယ်ဖို့၊ ရေအားလျှပ်စစ်ထုတ်လုပ်ဖြန့်ဝေဖို့နဲ့ သီးနှံစိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးပြီး ၁၂ ဒသမ ၅ မီဂါဝပ် တာဖိုင် နှစ်လုံးနဲ့  ၂၅ မီဂါဝပ် ပင်မလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေလှောင်တမံ တည်ဆောက်ခဲ့တဲ့တွက် ညောင်လေးပင်မြို့၊ ဒိုက်ဦးမြို့၊ ပြွန်တန်ဆာမြို့တွေ ရေကြီးနစ်မြုပ်မှု နည်းပါးခဲ့တယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်၊ ဓာတ်ပုံ - ရဲနွယ်ရေလောင်တမံဦးစီးမှူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024