ထိုင်းတွင် အမျိုးသားတဦး ဖုန်းအားသွင်းပြီး သီချင်းနားထောင်စဉ် ဓာတ်လိုက်သေဆုံး

ဓာတ်ပုံ - tnews
ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်းဆဝမ်ခရိုင် တာခလီမြို့မှာ ဧပြီ ၂၃ ရက်နေ့က အမျိုးသားတဦး လက်ကိုင်ဖုန်းဘက်ထရီ အားသွင်းရင်း နားကြပ်နဲ့ သီချင်းနားထောင်စဉ် ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ TNews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၃ ရက် ညနေ ၃ နာရီလောက်က တာခလီမြို့ ရထားဘူတာရုံ အနောက်ဘက်က နေအိမ်တအိမ်မှာ လူတဦး ဓာတ်လိုက်ခံရကြောင်း သတင်းရရှိတဲ့အတွက် အရေးပေါ်လူနာတင်ယာဉ်၊ ရဲစခန်းတာဝန်ရှိသူတွေနဲ့အတူ အခင်းဖြစ်တဲ့နေအိမ် သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ တာခလီရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့ရောက်ရှိသွားတဲ့အချိန် အသက် ၃၀ ခန့်ရှိ လူရွယ်တဦးဟာ အိပ်ယာထက် လက်တဖက်က ဘက်ထရီအားသွင်းလက်စ လက်ကိုင်ဖုန်းကိုင်ရင်း နားကြပ်နားထောင်တဲ့ အနေအထားနဲ့ သေဆုံးနေတာ တွေ့ရကြောင်း၊ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ ဓာတ်လိုက်ခံရလို့ သေဆုံးသွားတာဖြစ်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေကလည်း သူသေဆုံးသွားရတဲ့အပေါ် တစုံတရာ သံသယမရှိတာကြောင့် ဓလေ့ထုံးစံအရ ဈာပနကျင်းပဖို့ ခွင့်ပြုလိုက်ကြောင်း ရဲစခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up