Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်
DVB
·
April 24, 2018
  အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယ ၁ နှစ်တာကာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောတာပါ။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပြင်ဆင်ရေးဆွဲနိုင်ခဲ့တယ်၊  ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူ ရာမှာလည်း ၁၉၉၉ ခုနှစ်မှာ မူးယစ်ဆေးဝါးပပျောက်ရေး နောက်တိုး ၅ နှစ်စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်အထိရေးဆွဲဆောင်ရွက်ခဲ့ပြီး ဘိန်းအစားထိုး သီးနှံစိုက်ပျိုး ဆောင်ရွက်နိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့  အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကပြောပါတယ်။ ပြည်ထဲရေးဌာနအနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပြည်တွင်း အသင်းအဖွဲ့၊ အသင်းအဖွဲ့အသစ် ၃၆၆ သင်း၊ သက်တမ်းတိုးတဲ့ အသင်းအဖွဲ့ ၈၁ သင်း စုစုပေါင်း ၄၄၁ သင်းနဲ့ နိုင်ငံတကာ အသင်းအဖွဲ့အသစ် အသင်း ၃၀ အပါအဝင် သက်တမ်းတိုးအသင်းအဖွဲ့ ၄၂ သင်း စုစုပေါင်း ၇၂ သင်းကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကလည်း  စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ပတ်သက် လို့ စုံစမ်းဖော် ထုတ်အရေးယူခဲ့ရာမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်အထိ အမှု ၉၅ မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး အမှုတွေကနေ ငွေကျပ်သိန်းပေါင်း ၅၃၅၄၄၃၂ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၈၅၆၆၉၄၅ လောက်အပေါ် အခွန်စည်းကြပ်နိုင်ဖို့အတွက် လုပ်နိုင်ခဲ့တယ်လို့ ဆိုတယ်။ ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ရာမှာ ပိုမိုထိရောက်မှုရရှိစေဖို့ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ နယ်မြေရဲစခန်း ရှစ်ခု၊ ရဲကင်းစခန်း ၁၄ ခုတို့ကို တိုးချဲ့အသစ်ဖွင့်လှစ် ခဲ့ပြီး ရဲကင်းစခန်း ငါးခု နယ်မြေရဲစခန်းအဆင့် တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ညွှန်ကြားရေးမှူး(စီမံ)ရဲမှူးကြီးသက်နိုင်ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါး ရခိုင်ပြည်နယ်နယ်စပ်ဒေသ လုံခြုံရေး ဆောင်ရွက်မှုမြှင့်တင်ဖို့ ယခင်ကအမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနဲ့ နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ လေးခုနဲ့ လုံခြုံရေး ဆောင်ရွက်လျက်ရှိရာက နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ လေးခု ထပ်မံဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ခွဲ ရှစ်ခု၊ နယ်ခြား စောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး သုံးရုံးတိုးချဲ့ ဖွင့်လှစ်ပြီး အင်အားဖြည့်တင်း လုံခြုံရေးဆောင် ရွက်နေတယ်လို့လည်းပြောပါတယ်။ ဒါ့အပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပင်လယ်မြစ်ကြောင်း လုံခြုံရေး အတွက် ကမ်းရိုးတန်းသွား ကင်းလှည့်ရေယာဉ် လေးစင်း၊ မြစ်တွင်း သွားကင်းလှည့် ရေယာဉ် ၁၀ စင်း၊ Fast Boat ၁၅ စင်း၊ Rubber Boat ရှစ်စင်း စုစုပေါင်း ၃၇ စင်း ဖြည့်တင်းပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ပြည်ပဧည့်သည်တော်တွေအတွက် လုံခြုံရေး လုံးဝကျိုးပေါက်မှုမရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး လုံခြုံရေး ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့ကို ခေတ်မီမောင်းပြန် လက်နက်တွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်တွေ အစားထိုးလဲလှယ်တပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေရောင်းဝယ်ပျံ့နှံ့မှု တားဆီးနှိမ်နင်းဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အထူးစစ်ဆင်ရေး ရှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး အမှုပေါင်း ၁၃၈၈ မှု၊ တရားခံပေါင်း ၁၉၅၇ ဦးကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ အရေးယူဆောင် ရွက်နိုင်ခဲ့တယ်လို့ ရဲမှူးကြီးသက်နိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အကျဉ်းဦးစီးဌာနလက်အောက်မှာ အကျဉ်းထောင် ၄၃ ထောင်၊ အချုပ်ထောင် ခြောက်ခု၊ စခန်း ၄၈ ခု၊ စခန်း စုစုပေါင်း ၉၇ ခု ရှိပြီး  ပြည်ထောင်စုအစိုးရရဲ့ ဘတ်ဂျက်နဲ့ အကျဉ်းထောင်အသစ်တွေကို တိုးချဲ့ဆောက်လုပ်လျက်နေရာမှာ နှစ်နှစ်အတွင်း အချုပ်ထောင် နှစ်ခု၊ အကျဉ်းထောင် တခု ဆောက်လုပ်ပြီးဖြစ်သလို  ထောင်ဝင်စာ တွေ့ဆုံတဲ့အချိန်ကို ယခင် ၁၅ မိနစ်က မိနစ်၂၀ အတွင်း သတ်မှတ်ထားရာကနေ မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ ဖြေလျှော့ခွင့်ပြုပေးထားတယ်လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးကပြောပါတယ်။ မီးသတ်ဦးစီးဌာနအနေနဲ့ ခရိုင်မီးသတ် စခန်း ၇၃ ခု၊ မြို့နယ်မီးသတ်စခန်း ၃၃၀ ခု၊ နယ်မြေမီးသတ်စခန်း ၇၀၃ ခု စုစုပေါင်း မီးသတ်စခန်း ၁၁၀၆ ခုနဲ့ မီးဘေးလုံခြုံရေးကို ဆောင်ရွက်လျက်နေရာမှာ ၂၀၁၆ ခုနှစ် မတိုင်မီ မီးသတ်စက်ယာဉ်ပေါင်း အစီး ၂၉၂၀ ရှိခဲ့ရာကနေ နှစ်နှစ်အတွင်း ၄၃၁ စီးတိုးတက်လာခဲ့ရာ မီးသတ်စက်ယာဉ် ပေါင်း ၃၃၅၁ စီးရှိပြီ ဖြစ်သလို  မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့တွေကို ရိက္ခာ ငွေအဖြစ် တပ်ဖွဲ့ဝင်တစ်ဦးကို တစ်ရက် ကျပ် ၁၅၀၀ နှုန်း တိုးမြှင့်ခံစားခွင့်ပြုနိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးကျော်နိုင်က ဆိုပါတယ်။ ပိုလန်နိုင်ငံ နောက်ခံအခြေပြု ဥရောပသမဂ္ဂ ကူညီထောက်ပံ့မှုချေးငွေ အစီအစဉ်နဲ့ ယူရိုသန်း ၅၀ ထောက်ပံ့ချေးငွေနဲ့ ခေတ်မီ မီးငြှိမ်းသတ်ရေးယာဉ်၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်၊ မီးသတ်အထောက်အကူပြုယာဉ် စုစုပေါင်း ၆၅ စီး ၀ယ်ယူထားပြီး ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာဖို့ရှိတယ်လို့လည်း သိရပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024