Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မြစိမ်းရောင်ကျေးရွာ ၉၀၀ ခန့်အတွက် တစ်ယူနစ် ကျပ်သိန်း ၃၀၀ ထောက်ပံ့
Aung Ko Latt
·
April 24, 2018
  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ ရွာတွေစုဖွဲ့ထားတဲ့ မြစိမ်းရောင်ကျေးရွာတွေကို  တစ်ယူနစ်ကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကနေစတင်ကာ ထောက်ပံ့နေပါတယ်။ မြစိမ်းရောင်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ မိသားစုဝင်ငွေတိုးပွား စေဖို့၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ အာဟာရပြည့်ဝစေရန်၊ ကျေးလက်အခြေခံအဆောက်အအုံတွေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးတာကြောင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးစေဖို့၊ ကျေးလက်လူထုရဲ့ စွမ်းဆောင်ရည်တိုးတက်လာစေဖို့နဲ့ မမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်တွေ ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်မှုအားကောင်းတဲ့ လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်လာ စေဖို့ စတဲ့ရည်ရွယ်ချက် ၄ ရပ်နဲ့ ထောက်ပံ့နေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီနှစ်မှာ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ ၁၇ ရွာတိုးလာပြီး စုစုပေါင်း ကျေးရွာ ၈၉၈ ရွာ၊ ကျေးရွာတွေစုဖွဲ့ထားတဲ့ ယူနစ် ၈၀၃ ယူနစ်ရှိပြီဖြစ်ပါတယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ ဦးစီးမှူး ဦးဝင်းကျော်မျိုးက ဒီဗွီဘီကိုပြောပါတယ်။ “တချို့ရွာတွေဆို ယူနစ်ကော်မတီတွေက အတိုးအပွားပြန်လုပ်ကြတာ ၂ဆတောင် ပြန်ရ တာတွေလည်းရှိနေပြီ။ နိုင်ငံတော်ကနေ ဒါတွေလုပ်ပေးတဲ့အတွက် ကျေးလက်တွေ အရင်က ထက် ပိုမိုဖွံ့ဖြိုးလာတယ်။ စီမံကိန်းဝင်ကျေးရွာတွေ နှစ်စဉ်တိုးတက်အောင်လည်း စိစစ် ဆောင်ရွက်နေပါတယ်”လို့ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာအတွက် အနည်းဆုံး အိမ်ခြေ ၈၀ ရှိရမှာဖြစ်ပြီး ကော်မတီဝင်တွေရဲ့သဘောဆန္ဒအတိုင်း အတိုးနှုန်းကတော့ ၅မူးကနေ ၁ကျပ်ခွဲအတွင်း အဆင်ပြေသလို ငွေထုတ်ချေးနိုင်တယ်လို့ဆိုပါတယ်။ ကော်မတီအနေနဲ့ တစ်နှစ်ကိုတစ်ကြိမ် စာရင်းရှင်းရပြီး ရရှိလာတဲ့အတိုးတွေထဲက ကျပ်သိန်း ၁၀၀ ကျော်ရင် ကျေးရွာလူထုရဲ့ သဘောဆန္ဒအရ ၅၀ ရာခိုင်နှုန်းကို ကျေးလက်ဖွံ့ဖြိုးရေးတွေမှာ သုံးစွဲခွင့်ပြုထားပါတယ်။” မြစိမ်းရောင်စီမံကိန်းကို စစ်ကိုင်းတိုင်းမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က ရွာပေါင်း ၁၆၃ ရွာ၊ ယူနစ် ၁၄၄ ခုနဲ့စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ၃၈၄ရွာ၊ ယူနစ် ၃၄၉ ယူနစ်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၁၇၁ ရွာ၊ ယူနစ် ၁၅၃ ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၈၉၈ ရွာ၊ ၈၀၃ ယူနစ် တိုးချဲ့ကူညီထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024