စိုက်ပျိုးစရိတ်ချေးငွေ ၁ ဧက ကျပ် ၅ သောင်းနှုန်း တိုးပေးမည်
ရွှေအောင်
·
June 13, 2012
အခုနှစ် မိုးစပါးစိုက်ပျိုးရာသီကစပြီး စိုက်ပျိုးစရိတ်ချေးငွေကို ၁ ဧက ကျပ် ၅ သောင်းနှုန်း တိုးမြှင့်ပြီး ထုတ်ချေးပေးတော့မယ်လို့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။
“အရင် ၄ သောင်းကနေ စပါး ၁ ဧကကို အခု ၂၀၁၂နှစ်မှာ ၅ သောင်းဖြစ်သွားတယ်။ အခြားတော့ သတ်မှတ်ချက် မရှိပါဘူး။ လယ်လုပ်တယ်၊ စိုက်ပျိုးမြေစာရင်းက ထောက်ခံတယ်ဆိုရင် ချေးပါတယ်။”
ဒါဟာ အစိုးရသစ် လက်ထက်မှာ စိုက်ပျိုးစရိတ်ချေးငွေကို ဒုတိယ အကြိမ် တိုးမြှင့် ထုတ်ချေးတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ၁ ဧက ကျပ် ၄ သောင်းနှုန်း တိုးပေးခဲ့ပါတယ်။ ဒီ့အရင်က ၁ ဧက ကျပ် ၂ သောင်းနှုန်းပဲ လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ထုတ်ချေးခဲ့တာပါ။
ဘဏ်က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာလည်း လယ်သမား ၁ ဦး လယ် ဘယ်နှစ်ဧကပဲရှိရှိ ၁၀ ဧက ကျပ် ၅ သိန်းအထိပဲ အကန့်အသတ်နဲ့  ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။
အစိုးရကထုတ်ချေးပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေဟာ လုံလောက်မှုမရှိဘဲ အမှန်တကယ် ကုန်ကျစရိတ်က ဒီ့ထက်များတယ်လို့ လယ်သမားတွေက ပြောပါတယ်။
လယ်သမားတွေရဲ့ ပြောဆိုချက်ဟာ မှန်ကန်ပြီး အခုလို ထပ်တိုးချေးပေးတာကိုလည်း လက်ခံရမှာဖြစ်တဲ့အကြောင်း စိုက်ပျိုးရေး ပညာရှင် ဒေါက်တာမျိုးအောင်ကျော်က မှတ်ချက်ပေး ပြောပါတယ်။
“အမှန်တကယ်ကတော့ တပြည်လုံးအတိုင်းအတာနဲ့ လွှမ်းခြုံဖို့ဆိုတာ အရေအတွက်က တက်လာတယ်။ တဖက်ကလည်း အစိုးရပိုင်းကျတော့လည်း ငွေကအလုံးအရင်းနဲ့ပါလာတယ်။ ဧကပေါင်းက ကျနော်တို့သိသလောက် ၈ သန်းလောက်ရှိတယ်။ နွေ၊ မိုးကောဆိုရင်၊ အဲဒီအခါကျတော့ စရိတ်ကတော်တော်ကြီးတယ်။ လောလောဆယ် မထိရောက်သေးဘူး ဆိုပေမယ့် တဘက်က တိုင်းပြည်စီးပွားရေး ကောင်းလာရင်လည်း ပိုဖြစ်လာမှာပေါ့။ လောလောဆယ်တော့ နဂိုထက်စာရင်တော့ တိုးတက်လာတာ လက်ခံရမှာပဲလေ။”
လယ်ယာဖွံ့ဖြိုးရေးဘဏ်က အရင်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ အကြေပြန်ဆပ်ပြီးတဲ့ လယ်သမားတွေကိုပဲ နှုန်းသစ်ဖြစ်တဲ့ ချေးငွေ ၁ ဧက ကျပ် ၅ သောင်း ထုတ်ချေးမှာဖြစ်ပါတယ်။