Home
မြန်မာသတင်း
မေလလယ်ပြန်စမည့် လွှတ်တော်များတွင် ဘတ်ဂျက်ရက်စွဲများ ပြင်ဆင်ရေး အဓိကဆွေးနွေးမည်
DVB
·
April 23, 2018
  သင်္ကြန်မတိုင်ခင်ကတည်းက ရပ်နားထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်း အဝေးတွေကို မေလ ၁၄ ရက်နေ့မှာ ပြန်လည်စတင် ကျင်းပမယ်လို့ သက်ဆိုင်ရာ လွှတ်တော်အကြီးအကဲတွေက ကြေညာထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မေလ ၁၂ ရက်နေ့ထက်မစော၊ မေလ ၁၃ ရက်နေ့ထက် နောက်မကျစေဘဲ လာရောက် သတင်းပို့ ကြဖို့လည်း နိုးဆော်ထားပါတယ်။ ဒီတကြိမ်လွှတ်တော်တွေမှာ ဘတ်ဂျက်အသစ်နဲ့ပတ်သက်လို့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေမှာ အသေဖြစ်နေတဲ့ ရက်စွဲတွေကို ပြောင်းလဲပေးဖို့ အဓိက လုပ်ရမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။ “ဘတ်ဂျက်နှစ်ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ လွှတ်တော်ကို ဘတ်ဂျက်နဲ့ဆိုင်တဲ့ ငွေစာရင်းတွေပေါ့၊ ပေးပို့တင်ပြဖို့ လွှတ်တော်က စိစစ်ဖို့ဆိုတဲ့ အချက်အလက်တွေ အကုန်လုံးဟာ အဲ့ဒီ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေမှာ အကုန်လုံးက Fix Date တွေ ဖြစ်နေပါတယ်။ သတ်မှတ်ချက်တွေက အတိအကျပါပဲဗျ။ အဲ့ဒီကိစ္စရပ်များကို  ကျနော်တို့ ပြုပြင်ပြောင်းလဲပေးမှသာ ဘတ်ဂျက်နှစ်ပြောင်းလဲသွားဖို့ကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာပါ။ အဲ့ဒါကိုပဲ အဓိက ဆောင်ရွက်ဖို့ ရှိပါတယ်” ဒါ့အပြင် အခွန်အယူခံအဖွဲ့ဥပဒေ၊ အခွန်စီမံခန့်ခွဲရေးဥပဒေတို့ ဆွေးနွေးပြဌာန်းဖို့ရှိပြီ မေလ လွှတ်တော်ဟာ ပုံမှန်ပြုလုပ်နေကျ လွှတ်တော်ပါပဲလို့လည်း ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။ အခု မေလလယ်လုပ်မယ့် ၈ကြိမ်မြောက် လွှတ်တော်ဟာ ဇူလိုင်လအထိ ရောက်သွားမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကို ပြည်သူ့ လွှတ်တော်က လွှဲပြောင်းရမှာဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကိုတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ  ဦးမန်းဝင်းခိုင်းသန်းက တာဝန်ယူထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် အန်အယ်လ်ဒီအမတ်တွေကြီးစိုးတဲ့ လွှတ်တော်များအတွင်း ဥပဒေ ၅၈ခု ပြင်ဆင်ရေးဆွဲပြဌာန်းနိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ရဲ့ သတ္တမပုံမှန်အစည်းအဝေးတွေကို မတ်လ ၂၉ ရက်မှာ ရပ်နားခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024