အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေးအပါအဝင် အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခု ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမမှာ အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ် ဦးမျိုးအောင်အပါအဝင် အရာရှိတွေ၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်ရှင်တွေ တက်ရောက်ဆွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုချစ်ကိုလေးကို မေးမြန်းထားပါတယ်။
“အလုပ်ရုံဆွေးနွေးပွဲမှာ အဓိကတော့ အလုပ်သမား သမဂ္ဂတွေ၊ ဖွဲ့ဖို့ကိစ္စကို အလုပ်သမား ဝန်ကြီးဌာနက ဦးမျိုးအောင်တို့၊ ဦးဝင်းရှိန်တို့ သူတို့က ရှင်းပြတယ်။ ရှင်းပြပြီးတော့ အလုပ်ရုံထဲမှာ အလုပ်သမားတွေ အခက်အခဲပေါ့၊ လုပ်ငန်းခွင်ထဲမှာ သက်သာချောင်ချိမှုရှိရေး၊ လုပ်ငန်းခွင်ထဲမှာ ဆက်ဆံရေး အဆင်မပြေတဲ့ကိစ္စတွေ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ဦးဝင်းရှိန်ကနေ စက်ရုံပိုင်ရှင်တွေ၊ အလုပ်ရုံပိုင်ရှင်၊ လုပ်ငန်းရှင်တွေကို သတိပေးတယ်။”
အခုလက်ရှိ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာက ဘယ်လိုအခြေအနေ ရောက်သွားပြီလဲ။
“အခုလက်ရှိအခြေအနေကတော့ အထည်ချုပ်အများစုတော့ အဆင်ပြေသွားပြီ။ တချို့စက်ရုံတွေပဲ ကျန်တော့တယ်။ ထူးခြားချက်ကတော့ သဘောတူညီချက်စာချုပ်၊ ယာယီ သဘောတူညီချက် ချုပ်ပြီးတော့မှ လုပ်ငန်းရှင်တွေက ချိုးဖောက်တဲ့အတွက် အဲဒါလေးတွေ တက်လာတာရှိတယ်။ အဓိက ပြေလည်မှုမရသေးတဲ့ စက်ရုံတွေက ဖိနပ်စက်ရုံက၊ ကိုရီးယားပိုင်ရှင်က လုံးဝညှိနှိုင်းလို့ မရသေးဘူး။ ဆွေးနွေးပွဲကိုတော့ တက်တယ်။ သူက ဘယ်လိုပြောလဲဆိုတော့ လုံးဝမတိုးပေးနိုင်ဘူး။ သူ့အနေနဲ့ စက်ရုံပိတ်ပြန်မယ်ပေါ့။ ဒီနေ့ထူးခြားချက်ရှိတာက ကမ္ဘာ့ကျော် ပီနန်အိတ် စက်ရုံက သဘောတူညီချက်ရတယ်။ သဘောတူညီချက် ရပြီးကာမှ အလုပ်သမား အားလုံး ၂၉ ယောက် အလုပ်ထုတ်လိုက်တယ်။ ကျနော်တို့က ထုတ်လိုက်တာကို အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကို အကြောင်းကြားတယ်။ အလုပ်သမားတွေက ဖုန်းဆက်တော့ ဦးဝင်းရှိန်ကို အကြောင်းကြားလိုက်တော့ စက်ရုံပိုင်ရှင်ကို ပြန်ပြောလိုက်တော့ ဒီအလုပ်သမားလေးတွေကို အလုပ်ပြန်ခန့်လိုက်တယ် ကြားတယ်။”
ဒီနေ့မှာ အလုပ်ရှင် အလုပ်သမားတွေ ဘယ်လောက်လောက် တက်ရောက်ပါသလဲ။
“အားလုံးပေါင်း လူ ၂၀၀ လောက်တော့ ရှိတာပေါ့။”
တင်ပြဆွေးနွေးတဲ့ထဲမှာ အလုပ်ရှင်ဘက်က ဘယ်လိုဆွေးနွေးကြသလဲ။ အလုပ်သမားတွေဘက်ကကော ဘယ်လိုတွေ ဆွေးနွေးသလဲ၊ အကျယ်တဝင့် ရှင်းပြပေးပါလား။
“အလုပ်ရှင်တွေဘက်က ဆွေးနွေးတာ သိပ်မတွေ့ရဘူး၊ ပြောရရင် သူတို့က လုပ်ငန်းရှင်တွေကြီးပဲ သီးသန့်ဆွေးနွေးတဲ့ ပွဲတွေရှိတယ်။ လုပ်ငန်းတူရာပေါ့၊ အရင်ရက်တွေက လုပ်ခဲ့တယ်။ ရေလုပ်ငန်းဆို ရေလုပ်ငန်းတွေ စုကြမယ်။ အထည်ချုပ်ဆိုလည်း အထည်ချုပ်တွေ စုလိုက်ကြတယ်။ အဲလိုပုံစံတွေနဲ့ အရင်နေ့တွေက ညှိနှိုင်းထားတာရှိတယ်။
“ဒီနေ့မှာ တခု ထူးခြားတာကတော့ လှိုင်သာယာ စက်မှုဇုန်က ကွပ်ကဲရေးဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကို ဒုတိယဝန်ကြီး ဦးမြင့်သိန်းကနေ အကြံပြုချက် တခုပြောထားတာရှိတယ်။ အဲဒါလေး သူက ကျနော်တို့ကို ပြန်ပြောပြတယ်။ အနိမ့်ဆုံးအခြေခံလစာ ၅၆၇၀၀၊ အချိန်ပိုကြေးမပါ၊ အဲဒါကို အစိုးရတာဝန်ရှိသူတွေက အဲဒီ့နှုန်းလောက်ဆိုရင်တော့ အဆင်ပြေနိုင်လောက်တယ် ဆိုပြီး လုပ်ငန်းရှင်တွေဘက်ကို ကမ်းလှမ်းထားတာတော့ ကြားတယ်။ လုပ်ငန်းရှင်တွေဘက်ကတော့ ဘာမှအဖြူအမဲ မပေးသေးဘူး။”
ဒီနေ့ဆွေးနွေးချက်ကနေ အလုပ်သမားတွေအတွက် ဘယ်လိုအကျိုးရလဒ် ရလာမလဲ။
“အလုပ်သမားတွေကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းတွေ အလုပ်သမား သမဂ္ဂတွေ၊ ဖွဲ့ဖို့အတွက်တော့ လုပ်ငန်းရှင်တွေရော အလုပ်သမားတွေရှေ့မှာ အစိုးရဝန်ကြီးဌာနကနေ တရားဝင်စပြီးတော့ လမ်းဖွင့်ပေးတာပေါ့။ အဲဒီအတွက်တော့ ကောင်းသော ပြုပြင်ပြောင်းလဲခြင်း တရပ်ဖြစ်လာမယ်လို့ ထင်တယ်။ နောက်တချက်က လုပ်ငန်းရှင်တွေ လုပ်ငန်းခွင်ထဲမှာ ဥပဒေမဲ့ ချိုးဖောက်နေတဲ့ကိစ္စတွေ၊ အဲဒီကိစ္စတွေကို ဝန်ကြီးဌာနတွေကနေ တရားဝင်တားမြစ်ပေးတယ်ပေါ့။ အဲဒါလေးတွေကတော့ ဒီနေ့ဆွေးနွေးပွဲက ထွက်လာတဲ့ အကျိုးရလဒ်တွေလို့ ထင်တာပဲ။”
ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံ ၆၀ လောက်မှာ ပြီးခဲ့တဲ့လလယ်ပိုင်းကစပြီး အခြေခံလစာတိုးမြင့်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားဆန္ဒပြမှုတွေကြောင့် အလုပ်သမားဝန်ကြီးဌာနနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေက အလုပ်ရှင်၊ အလုပ်သမား ဝင်ရောက်ညှိနှိုင်းပေးတဲ့အတွက် စက်ရုံအများစုမှာ ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စက်ရုံ ၃ ခုလောက်ကပဲ ဆက်ပြီး ဆန္ဒပြနေပြီး ကျန် ၅၀ ကျော်ကတော့ ပြေလည်မှု ရရှိသွားပြီလို့ ကိုချစ်ကိုလင်းက ပြောပါတယ်။