Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဖမ်းခဲ့ဟု ဒုရဲမှူးဝန်ခံ
DVB
·
April 20, 2018
နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာဖြစ်တယ်လို့ အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်​နိုင်​က သတင်းမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဧပြီ ၂၀ ရက်နေ့ တရားရုံးထုတ်ရာမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တဲ့ ရခိုင်ပြည်နယ် အင်းဒင်ရဲစခန်းက ဒုရဲမှူး မိုးရန်နိုင်က ရိုက်တာသတင်းထောက် နှစ်ဦးကို  ထောင်ဖမ်းခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုသွားခဲ့တာပါ။ ရိုက်တာ သတင်းဌာနရဲ့  မြန်မာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာသုသာင်္န်မှာ မွတ်စလင်အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ် ရှိ စားသောက်ဆိုင်တဆိုင်မှာ ဒုရဲမှူး မိုးရန်နိုင် တပ်ကြပ်ကြီး ခင်မောင်လင်းတို့နဲ့ သွားရောက်တွေ့ဆုံပြီး ဆိုင်က ပြန်အထွက်မှာ လျို့ဝှက်စာရွက်စာတမ်း လက်ဝယ်တွေ့ရှိ တယ်ဆိုပြီး ထောင် ၁၄နှစ်ထိချမှတ်နိုင်တဲ့ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ရဲအက်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။ အခုလို ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာဟာ ထောင်ဖမ်းခံရခြင်း သာဖြစ်တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024