Home
ဆောင်းပါး
သမ္မတကြီးလည်း ရွှေဘ ... ပြည်သူတွေလည်း ရွှေဘဖြစ်မှ တိုင်းပြည်ကို ပြောင်းလဲနိုင်မယ်
DVB
·
April 20, 2018
ကျနော်တို့ မြန်မာလူမျိုးတွေက ယေဘုယျအားဖြင့် မတရားမှုကို ခေါင်းငုံ့ခံလေ့ မရှိပါဘူး။ အားနည်းတဲ့ဘက်က ရပ်တည်လိုစိတ်၊ အားနည်းသူကို ဖေးကူလိုစိတ် ရှိကြပါတယ်။ ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေ၊ အငြိမ့်၊ ပြဇာတ်တွေ ကြည့်ရင်တောင် မင်းသား မင်းသမီးတွေကို လူဆိုးတွေ၊ ဗီလိန်တွေက နှိပ်စက်ခန်းတွေဆို မခံမရပ်နိုင်ဖြစ်ကြ၊ သနားဝမ်းနည်းကြ၊ ငိုကြွေးကြလေ့ရှိကြပါတယ်။ တခါတလေများ အလွန်ဆိုးရွားတဲ့ နှိပ်စက်ခန်းတွေပါရင် စိတ်မထိန်းနိုင်ဘဲ အော်ဟစ်တားကြ၊ ပြောင်းဖူးရိုးနဲ့ ထုပြီးတောင် တားဆီးတတ်ကြပါတယ်။ ပြည်သူလူထုကိုယ်တိုင် ရေးထိုး မော်ကွန်းတင်ခဲ့တဲ့ တောက်ပြောင်ခမ်းနားတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းပုံရိပ်လွှာတွေကို ပြန်လည်စောင်းငဲ့ကြည့်လိုက်ရင် ခေတ်အဆက်ဆက်မှာ ပြည်သူလူထုဟာ ဖိနှိပ်မှု၊ မတရားမှုဆိုရင် လိုအပ်တဲ့အချိန်တိုင်းမှာ လက်မနှေးတတ်တာကို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စတဲ့ တော်လှန်ရေးပုံရိပ်တွေက သက်သေထူနေပါတယ်။ တော်လှန်ရေးဆိုတဲ့ စကားရပ်က... မတရားဖိနှိပ်မှု၊ လူလူချင်း အနိုင်ထက်ပြုမှု၊ မမှန်မကန်လုပ်ဆောင်မှု မှန်သမျှကို မကြိုက်နှစ်သက်ဘူး၊ လက်မခံဘူး ဆိုတာကို ထုတ်ဖော်ပြသမှု၊ ဆန့်ကျင်မှုမှန်သမျှကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် တော်လှန်ရေးဆိုတာ ဖိနှိပ်ဗိုလ်ကျမှုတွေရှိတဲ့ ခေတ်တိုင်း စနစ်တိုင်းမှာ ရှိနေ ပေါ်ထွန်းနေမှာပါ။ နယ်ချဲ့ကိုလိုနီ တိုင်းတပါးသား ကျူးကျော်သူမှ၊ ဖက်ဆစ်ဂျပန်မှ မဟုတ်ပါဘူး။ လက်နက်အားကိုး၊ အာဏာအားကိုး၊ ဥစ္စာဓနအားကိုး၊ ကိုယ်မှာရှိတဲ့ အသာစီးရမှု တခုခုကို သုံးပြီး အနိုင်ကျင့်လာမယ်၊ အများအကျိုးစီးပွားကို ထိခိုက်နင်းချေလာခဲ့တဲ့ ဘယ်လို လူပုဂ္ဂိုလ်၊ ပြည်တွင်း ပြည်ပ ဘယ်လိုလူမျိုး၊ ဘယ်လို လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါစေ၊ ပြည်သူလူထုက တော်လှန်ကြပါလိမ့်မယ်။ တော်လှန်ရေးဆိုတာ... လက်နက်နဲ့ တော်လှန်မှ တော်လှန်ရေး မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး လက်မခံဘူးဆိုတာကို ပြသတာ၊ ရွေးကောက်ပွဲမှာ ဖိနှိပ်သူတွေ၊ အနိုင်ကျင့်သူတွေကို မဲမပေးခြင်းကလည်း တော်လှန်ရေးပါပဲ။ ပြည်တွင်းစစ်ကို ရပ်စဲဖို့ တညီတညွတ်တည်း တောင်းဆိုခြင်းကလည်း တော်လှန်ရေးပါပဲ။ မမှန်ကန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခြင်းကလည်း တော်လှန်ရေးပါပဲ။ အဲဒါတွေ အားလုံးကို ခေတ်ပြောင်းတော်လှန်ရေးလို့ ခေါ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့ကတော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြီး ဦးဝင်းမြင့်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို လွှတ်တော်ကိုယ်စားလှယ် ၆၃၆ ဦး တက်ရောက်ခဲ့တာ ဖြစ်ပြီး ဦးဝင်းမြင့်ဟာ ထောက်ခံမဲ ၄၀၃ မဲနဲ့ မြန်မာနိုင်ငံရဲ့ ဆယ်ဦးမြောက် သမ္မတ ဖြစ်လာပြီး နှစ်ပေါင်း ၆၀ အတွင်း ဒုတိယမြောက် အရပ်သားသမ္မတ တဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလတွေမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပြတ်ပြတ်သားသား တည်တည်ကြည်ကြည် နိုင်နိုင်နင်းနင်း ဘက်မလိုက်ဘဲ ကိုင်တွယ်နိုင်ခဲ့တဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခန့်အပ်လိုက်တဲ့အခါ အများပြည်သူတွေ နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ ဦးဝင်းမြင့်ကလည်း သမ္မတအဖြစ် ရွေးချယ်ခံရပြီးတာနဲ့ ကတိသစ္စာပြုအပြီး  ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားရာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ဘဝ သာယာစိုပြည်ရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ် စတဲ့ တိုင်းပြည်အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စတွေ ပြည်သူတွေ မြင်ချင် တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင်  မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း အပြောင်းအလဲကို မွတ်သိပ်တောင့်တနေတဲ့ ပြည်သူတွေက ဦးဝင်းမြင့် သမ္မတဖြစ်လာတာကို ရွှေဘကြီးလာပြီလို့ တင်စားကြ၊ နှစ်ထောင်းအားရဖြစ်ကြ၊ ကြိုဆိုဂုဏ်ပြုပွဲတွေ လုပ်ခဲ့ကြပါတယ်။ သူတို့ကိုယ်စား သူတို့ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေ မှန်မှန်ကန်ကန် ဖြစ်လာဖို့၊ အပြောင်းအလဲကို မလိုက်ပါလိုတဲ့သူတွေရဲ့ နှောင့်ယှက်ဟန့်တားနေမှုတွေကို ပြတ်ပြတ်သားသား သတိပေး ဖယ်ရှားရှင်းလင်းမှုတွေ လုပ်ဆောင်စေချင်တဲ့ ဆန္ဒကို ပြသလို့ ကြိုဆိုကြတဲ့ သဘောပါပဲ။ တကယ်ပြောင်းလဲချင်ရင် ကိုယ်တို့ ပြည်သူတွေကိုယ်တိုင်က ရွှေဘအလုပ်တွေ များများလုပ်ဖို့ လိုပါတယ်။ ရွှေဘလုပ်ဆိုလို့ လက်သီးထိုး အကြမ်းဖက်ခိုင်းတာ မဟုတ်ပါဘူး။ အဖိနှိပ်မခံဘူးဆိုတဲ့ စိတ်ဓာတ်ကို ပြသတာပါပဲ။ ရုပ်ရှင်ထဲက ရွှေဘကြီးမှာ လုပ်ပိုင်ခွင့်အာဏာ မရှိသလို ဓနငွေကြေးအာဏာလည်း မရှိပါဘူး၊ သူ့မှာရှိတာက မတရားမှုကို လက်မခံတဲ့၊ အဖိနှိပ်မခံဘူးဆိုတဲ့ အနိုင်ကျင့်သူတွေကို ဆန့်ကျင်ရဲတဲ့ စိတ်ဓာတ်အာဏာပါ။ ကျနော်တို့ ပြည်သူတွေဟာ အဲဒီစိတ်ဓာတ်အာဏာကို သုံးပြီး ခေတ်အဆက်ဆက်မှာ ရွှေဘတွေ လုပ်ခဲ့ကြပြီးပါပြီ။ ၈၈၈၈ အရေးတော်ပုံကြီးမှာ လမ်းမတွေအပေါ်တက်လို့ ရွှေဘအလုပ်တွေ လုပ်ခဲ့ကြတာမို့ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း စစ်အာဏာရှင်တွေကို လက်မခံကြောင်း ပြသဖို့ တနိုင်ငံလုံး ပြည်သူ့ပါတီ အန်အယ်လ်ဒီကို မဲပေးလို့ ရွှေဘလုပ်ပြီး ဖိနှိပ်သူတွေကို ဆန့်ကျင်ခဲ့ကြတာပါပဲ။ အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်အာဏာရှင် ဦးသန်းရွှေက ဗြောင်ကျကျ အာဏာလုယူပြီး သူ့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၀ ကျော်ကနေ ၂၀၀၈ ခုနှစ်တိုင်တိုင် စိမ်ပြေနပြေ အချိန်ဆွဲ ရေးဆွဲရင်း တိုင်းပြည်ရဲ့ သယံဇာတသစ်တောတွေ၊ မြေယာတွေ၊ နိုင်ငံ့ဘဏ္ဍာငွေတွေကို ပြည်သူအလိုမတူဘဲ ယူငင်ကြပြီး သန်းကြွယ်သူဌေးတွေ ဖြစ်လာခဲ့ကြတယ်။ အဲဒီလို ပြည်သူ့ဆန္ဒကို ဆန့်ကျင်ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘာပတိလုပ်ပြီး ရေးဆွဲခဲ့သူ ဦးသိန်းစိန်ကို ဦးစီးစေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထောင်လို့ ကိုယ့်ဖဲကိုယ်ချိုးပြီး ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတရပ်ကို ဇွတ်ကျင်းပခဲ့ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသဖြင့် တဖက်စောင်းနင်း ရေးထားတာမို့ ပြည်သူ့ပါတီ အန်အယ်လ်ဒီ ဝင်မပြိုင်ခဲ့တာမို့ နောက်ထပ် ၅ နှစ်ဆက်ပြီး စစ်ဗိုလ်ချုပ်တွေ ကြိတ်ပုဆိုးပြောင်းဝတ်ပြီး အုပ်ချုပ်ခဲ့ကြတယ်။ ဒါပေမယ့် မတရားမှုကို ခေါင်းငုံ့မခံတတ်တဲ့ မြန်မာပြည်သူတွေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဟုတ်မခံ ရွှေဘစိတ်ဓာတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အန်အယ်လ်ဒီကို ဝိုင်းဝန်း မဲပေးခဲ့ကြတာမို့ ပြည်သူ့အစိုးရ အာဏာရလာခဲ့တာ မဟုတ်ပါလား။ ပြည်သူက မရွေးချယ်လို့ အဲဒီလို ရှုံးသွားသူတွေထဲက အာဏာငန်းဖမ်းနေသူ တချို့ဟာ သူတို့ မတရားသဖြင့် ရယူထားတဲ့ စည်းစိမ်ဥစ္စာနဲ့ အခွင့်ထူးခံခွင့်တွေကို လက်လွှတ်ဆုံးရှုံးမှာ စိုးရွံ့တာမို့ ပြည်သူ့ဆန္ဒကို ဆက်လက်ဆန့်ကျင်ဖို့ ဘာသာရေးနဲ့ မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး ပြည်သူတွေကြားမှာ ညီညွတ်မှုပြိုကွဲအောင် လုပ်လာခဲ့ကြရာမှာ လက်နက်နဲ့ အကြမ်းဖက်ပြီး လူမြင်ကွင်းမှာ လူ့အသက်သတ်တာကိုတောင် ရဟန်းသံဃာအချို့က ထောက်ခံလာတဲ့အထိ အခြေအနေဆိုက်ရောက်လို့ တရားဥပဒေ မစိုးမိုးအောင် လုပ်ဆောင်လာကြပါတယ်။ အဲဒီလို ဒုစရိုက်တွေကို ကျူးလွန်ရာမှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်စိတ်တွေက တိုက်တွန်းစေ့ဆော်တဲ့ အကုသိုလ်ပြုသူတွေကို ခွဲခြမ်းကြည့်မယ်ဆိုရင် ၄ မျိုး တွေ့နိုင်ပါတယ်။ (၁) သာဟတ္ထိက (ကိုယ်တိုင်ကျူးလွန်သူ) ဒီပုဂ္ဂိုလ်မျိုးကတော့ ကိုယ်တိုင် ကာယကံမြောက်ကျူးလွန်တဲ့ အကုသိုလ်ရှင်မျိုး။ ကိုယ်တိုင်သတ်၊ ကိုယ်တိုင်ခိုး၊ ကိုယ်တိုင်လိမ်၊ ကိုယ်တိုင် လုယူဖျက်ဆီးတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာတွေ ဆောင်ရရင် ဗဟိုတရားရုံးရှေ့နေကြီး ဦးကိုနီကို ပိုက်ဆံယူပြီး ကိုယ်တိုင်သတ်ခဲ့တဲ့ ကြည်လင်း ကျူးလွန်ခဲ့တဲ့ အကုသိုလ်မျိုးပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက် ဒုစရိုက်မှု ကျူးလွန်သူကို သာဟတ္ထိကလို့ သတ်မှတ်နိုင်ပါတယ်။ (၂) အာဏတ္ထိက (ကျူးလွန်အောင် စီမံစေခိုင်းညွှန်ကြားသူ) ဒီပုဂ္ဂိုလ်မျိုးကတော့ သူများကို မကောင်းမှုကံ ကျူးလွန်ဖြစ်အောင် အမိန့်ပေး စေခိုင်းညွှန်ကြား စီမံခန့်ခွဲ တိုက်တွန်းတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီအကုသိုလ်ကံကို ကျူးလွန်သူတွေဟာ ကမ္ဘာ့သမိုင်းမှာကြည့်ကြည့်၊ မြန်မာ့သမိုင်းမှာကြည့်ကြည့် နာမည်ပျက် နာမည်ဆိုးတွေနဲ့ သမိုင်းတွင်ရစ်သူတွေ ဖြစ်တယ်။ ထင်ရှားတဲ့ ဥပမာတွေကတော့ လူသတ်သမား ကြည်လင်းကို စေခိုင်းခဲ့တဲ့ အောင်ဝင်းခိုင်တို့ ကျူးလွန်ခဲ့တဲ့ အကုသိုလ်မျိုးပါပဲ။  လက်နက်မဲ့ ပြည်သူ ရဟန်းရှင်လူတွေကို သေနတ်နဲ့ သတ်ဖြတ်နှိမ်နင်းဖို့ အမိန့်ပေး ညွှန်ကြားခဲ့တဲ့ စစ်အာဏာရှင်ကြီးတွေ သွေးအေးအေးနဲ့ ကျူးလွန်တဲ့ အကုသိုလ်ကံမျိုးပေါ့။ (၃) ဝဏ္ဏဘာသန (ကျူးလွန်သူကို သွယ်ဝိုက်တိုက်တွန်း ချီးမွမ်းအားပေး ထောက်ခံသူ) ဒီပုဂ္ဂိုလ်မျိုးကတော့ သူများကို မကောင်းမှုကံ ကျူးလွန်ဖြစ်အောင် တိုက်ရိုက်အမိန့်ပေး စေခိုင်းတာမျိုးမဟုတ်ဘဲ ကျူးလွန်ချင်လာအောင် သွယ်ဝိုက်ပြီး ရေလာမြောင်းပေး သွေးထိုးပေးပြီး ကျူးလွန်တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာကို ပြရရင် ကြည်လင်း ဆရာတော်လို့ ပြောဆိုဂုဏ်တင်ပေးခဲ့တဲ့ ဦးဝီရသူလို ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒုစရိုက်ပြုလျှင် ရရှိမယ့် လောကီအကျိုးကို ပြောပြ သွေးဆောင် အားပေးခြင်းပါပဲ။ နောက်ထပ် လူသတ်မှုတွေ ထပ်မံကျူးလွန်ချင်လာအောင်၊ ဒုစရိုက်ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ (၄) သမနုညာ (ကျေနပ်သဘောကျသူ၊ ကျူးလွန်သူကို အားကျအတုခိုးသူ) ဒီပုဂ္ဂိုလ်မျိုးကတော့ သူများကျူးလွန်တဲ့ အကုသိုလ်ကံအပေါ်မှာ အားရနှစ်ခြိုက် ချီးကျူးဂုဏ်ပြု အတုယူလိုတဲ့ အကုသိုလ်ကံမျိုးပေါ့။ သူတပါးတို့ ဒုစရိုက်မှု ကျူးလွန်ခြင်းကို ကျေနပ်သဘောတူတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကိုယ်လည်း အဲဒီလိုမျိုး အခွင့်အရေးရရင် မကောင်းမှု အကုသိုလ်ကံကို ကျူးလွန်ဖို့ တာစူနေတဲ့ အဆင့်မျိုးပေါ့။ ဥပမာဆောင်ရရင် ရာထူးအာဏာ အလွဲသုံးစားလုပ်ပြီး သူများတွေ ကြီးပွားချမ်းသာတာကို အားကျပြီး သူတို့လို ခိုးစား ကြီးပွားနိုင်တဲ့အဆင့် ရောက်ဖို့ မျှော်ကိုးနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆောင်းပါးကို နိဂုံးချုပ်ရရင် ဒီတကွေ့မှာလည်း ဒီမိုကရေစီခရီးမပေါက်အောင် အဟန့်အတားပြုနေတဲ့ ငွေအား၊ လုပ်ပိုင်ခွင့်အားတွေသုံးပြီး တားဆီး တရွတ်ဆွဲနေတဲ့ လက်မည်းကြီးတွေကို ဖော်ထုတ်ဖို့၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုတွေ ကြီးထွားအောင် လှုံ့ဆော်နေတာတွေကို လက်မခံကြောင်း၊ သူတို့ အသက်ပေး ကာကွယ်မယ်ဆိုတဲ့ ပြည်သူအလိုမတူတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ တညီတညွတ်တည်း အကြမ်းမဖက်ဘဲ ဆန္ဒပြုလို့ ကူညီဆောင်ရွက်တာဟာ ရွှေဘ လုပ်တာပါပဲ။ သူများ ရွှေဘလုပ်တာ လက်ခုပ်တီးရုံနဲ့ ကျေနပ်ရင်တော့ ရုပ်ရှင်ပြီးရင် ဘာမှ မကျန်တော့သလို အပြောင်းအလဲတွေ ဖြစ်မလာဘဲ ရုပ်ရှင်အိပ်မက်လို ဖြစ်နေပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို ရဖို့ဆိုရင် ပြည်သူပြည်သားတိုင်း ရွှေဘ အလုပ်ဖြစ်တဲ့ အမှားလမ်းလိုက်နေသူတွေရဲ့ လုပ်ရပ်ကို တားဆီးတဲ့ အလုပ်အကိုင်တွေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ သမ္မတကြီးဦးဝင်းမြင့် ရွှေဘ လုပ်ပြတဲ့အခါမှာ လက်ခေါက်မှုတ်ပြီး လက်ခုပ်လည်းတီး အားလည်းပေးရင်း မိမိတို့ကိုယ်တိုင်လည်း မိမိဝန်းကျင်မှာ၊ မိမိအသိုင်းအဝိုင်းကြားထဲမှာ မဟုတ်မဟတ် ဖြစ်နေတာ၊ မမှန်မကန် ဖြစ်ပျက်နေတာတွေကို မိမိစွမ်းနိုင်သလောက် တားဆီးလို့ ရွှေဘ လုပ်ကြမှသာ ပြည်သူတွေအားလုံး ပြောင်းချင်တဲ့ အပြောင်းအလဲတွေကို အမြန်ဆုံး ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း သတိပေး နှိုးဆော်လိုက်ပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024