ဗီယက်နမ်နိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွမ်းဖုက ဒီကနေ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။
တရားဝင်အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပွဲအပြီးမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်လို့ သဘောတူလက်မှတ်ရေးထိုးပွဲကိုလည်း တက်ရောက်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဧပြီ ၁၉ရက်ကနေ ၂၀ရက်ထိ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်တာဖြစ်ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူ၊ စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားပါတယ်။
ဓာတ်ပုံ-VGP