Home
မေးမြန်းခန်း
လွတ်လပ်ပွင့်​လင်း​တဲ့​ မီဒီယာတခုကို လိုချင်တယ်
DVB
·
June 12, 2012
ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ဒုတိယဝန်ကြီး​ ဦး​စိုး​ဝင်း​ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​ဟာ လူထုအကျိုး​ပြုအသံလွှင့်​လုပ်ငန်း​ (public service broadcasting) မီဒီယာ ဥပ​ဒေ၊​ လိုင်စင်၊​ ကျင်ဝတ် စတဲ့​ တခြား​မီဒီယာနဲ့​ သက်ဆိုင်တဲ့​ ကိစ္စရပ်​တွေကို ​လေ့​လာဖို့​ စကင်ဒီ​နေး​ဗီး​ယန်း​နိုင်ငံ​တွေထဲက ဆွီဒင်နိုင်ငံကို ​ရောက်ရှိ​နေပါတယ်။ ဇွန်လ ၁၁ ရက်​နေ့​က​နေ ၁၉ ရက်​နေ့​အထိ ကြာမြင့်​မယ့်​ ဒီခရီး​စဉ်ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ဖိတ်ကြား​ချက်ဖြစ်ပြီး​ ခရီး​စဉ်အတွင်း​မှာ​တော့​ ဝန်ကြီး​နဲ့​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ဆွီဒင်၊​ ​နော်​ဝေ၊​ ဒိန်း​မတ်နိုင်ငံက ထင်ရှား​တဲ့​ မီဒီယာကျွမ်း​ကျင်သူများ​နဲ့​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။ ဒါ့​အပြင် မီဒီယာအဖွဲ့​တွေ အပါအဝင် နိုင်ငံ​ရေး​သမား​တွေ၊​ ပါလီမန်အမတ်​တွေနဲ့​လည်း​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။ ဒီခရီး​စဉ်အတွင်း​မှာ ဒီမိုက​ရေစီလူ့​အဖွဲ့​အစည်း​တွေမှာ ကျင့်​သုံး​နေတဲ့​ စာနယ်ဇင်း​ကောင်စီ​တွေ၊​ သတင်း​ထောက်သမဂ္ဂ​တွေကိုလည်း​ ​လေ့​လာမှာ ဖြစ်ပါတယ်။ ဒီခရီး​စဉ်အတွင်း​မှာ နိုင်ငံပိုင်မီဒီယာ​တွေကို အသွင်ကူး​ပြောင်း​ရေး​၊​ ​နောင်​ပေါ်​ပေါက်လာမယ့်​ စာနယ်ဇင်း​ကောင်စီနဲ့​ ရုပ်သံလွှင့်​မီဒီယာ ကိစ္စ​တွေအတွက် အ​တွေ့​အကြုံ​တွေရမယ်လို့​ ​မျှော်လင့်​တဲ့​အ​ကြောင်း​ ဆွီဒင်နိုင်ငံကို သွား​ရောက် ​လေ့​လာ​နေတဲ့​ ပြန်ကြား​ရေး​နဲ့​ ပြည်သူ့​ဆက်ဆံ​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ရဲထွဋ်က ​ပြောပါတယ်။ ဦး​ရဲထွဋ်ကို ​မေး​မြန်း​ချက် ဒီခရီး​စဉ်က​နေ ​ရှေ့​လျှောက် မြန်မာပြည်မှာ ဘယ်လိုမျိုး​ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်ဖို့​အတွက် ဒီ​ခြေလှမ်း​ကို လှမ်း​လိုက်တာလဲ။ “ပထမဆုံး​ ပြုပြင်​ပြောင်း​လဲဖို့​က​တော့​ ကျ​နော်တို့​ ဝန်ကြီး​က မူဝါဒချမှတ်ထား​တာ နိုင်ငံပိုင်မီဒီယာ​တွေက​နေ အရင်တုန်း​က အစိုး​ရ​ပြောတာ တခုတည်း​ကိုပဲ တင်ဆက်​နေရာက​နေ ပြည်သူ​တွေရဲ့​ စိုး​ရိမ်ပူပန်မှု​တွေ ပြည်သူ​တွေနဲ့​ သက်ဆိုင်တဲ့​အ​ကြောင်း​တွေ၊​ သူတို့​ရဲ့​ သ​ဘောထား​တွေကိုပါ တင်ပြနိုင်ဖို့​အတွက် လုပ်ဖို့​ဆိုပြီး​ ကျ​နော်တို့​ လူကြီး​တွေက လမ်း​ညွှန်ပါတယ်။ သမ္မတကြီး​ကလည်း​ လမ်း​ညွှန်ပါတယ်။ ဝန်ကြီး​ကလည်း​ အဲဒါကို ဆက်ပြီး​တော့​ လမ်း​ညွှန်တဲ့​အတွက်​ကြောင့်​ အဲလိုမျိုး​ လုပ်နိုင်ဖို့​အတွက်ဆို ပြည်သူ့​ရေး​ရာ ဝန်​ဆောင်မှု အသံလွှင့်​ပုံစံကို ​ပြောင်း​လဲဖို့​ လိုတယ်လို့​ စဉ်း​စား​ကြပါတယ်။ အဲဒါ​ကြောင့်​ ဒီမှာလာပြီး​တော့​ စကင်ဒီ​နေး​ဗီး​ယား​နိုင်ငံရဲ့​ အ​ခြေအ​နေကို လာပြီး​ ​လေ့​လာ​နေတာ ဖြစ်ပါတယ်။” အ​မေရိကန်တို့​၊​ အင်္ဂလန်တို့​ အစရှိတဲ့​ အ​နောက်နိုင်ငံ​တွေကို မ​ရွေး​ဘဲနဲ့​ ဘာ​ကြောင့်​ ဒီနိုင်ငံ​တွေကို ​ရွေး​တာလဲ။ “ကျ​နော်တို့​ ပြည်သူ့​ဝန်​ဆောင်မှု အသံကိစ္စနဲ့​ပတ်သက်ပြီး​ ​လေ့​လာတဲ့​အခါမှာ အ​မေရိကန်မှာ​တော့​ အဲ့​ဒီပုံစံမရှိဘူး​။ အင်္ဂလန်မှာ​တော့​ ဘီဘီစီရှိတယ်။ ဘီဘီစီကလည်း​ နိုင်ငံခြား​ အသံလွှင့်​ဌာန​တွေ​ရော တခြား​ဘာသာ​တွေ​ရော ဆို​တော့​ သူတို့​လည်း​ ဖွဲ့​စည်း​ပုံက အရမ်း​ကြီး​လွန်း​တယ်။ ကျ​နော်တို့​ ကြည့်​လိုက်​တော့​ စကင်ဒီ​နေဗီး​ယား​ နိုင်ငံ​တွေက ကိုယ့်​ပြည်တွင်း​က ပြည်သူ​တွေအတွက် သီး​ခြား​ ဦး​တည်ပြီး​ လုပ်တဲ့​ပုံစံလည်း​ဖြစ်တယ်။ ​နောက်ပြီး​ ပြည်သူ့​ရေး​ရာ ဝန်​ဆောင်မှုအသံလွှင့်​လုပ်ငန်း​ကို လုပ်ခဲ့​တာလည်း​ ကြာခဲ့​ပြီဆို​တော့​ ဒီမှာလာပြီး​တော့​ ​လေ့​လာဖို့​ ကြိုး​စား​ကြတယ်။ စပြီး​ ဆက်သွယ်​တော့​ ဒီဗွီဘီရယ်၊​ ဆွီဒင် ​ရေဒီယို အသံလွှင့်​ဌာနရယ်နဲ့​ ဆက်သွယ်မိပြီး​ သူတို့​ရဲ့​ အကူအညီနဲ့​ လာခဲ့​တာပါ။” ဦး​ရဲထွဋ်တို့​ရဲ့​ ဒီဗွီဘီနဲ့​ ပူး​တွဲ​ကြေညာချက်ထဲမှာ မီဒီယာဥပ​ဒေ​တွေ၊​ ဘဏ္ဍာ​ရေး​ကိစ္စ၊​ လိုင်စင်ကိစ္စ၊​ မီဒီယာကျင့်​ဝတ်​တွေ၊​ စာနယ်ဇင်း​ကောင်စီ၊​ ဂျာနယ်လစ်အသင်း​အဖွဲ့​ ကိစ္စ​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ဆို​တော့​ ပထမဆုံး​ အ​နောက်ဥ​ရောပနိုင်ငံ​တွေကို အ​ခြေချပြီး​တော့​ စ​လေ့​လာတယ်ဆို​တော့​ ဘယ်လိုစပြီး​တော့​ ရင်ဆိုင်​တွေ့​ရလဲခင်ဗျ။ “ဒီ​နေ့​တော့​ ကျ​နော်တို့​က ပြည်သူ့​ရေး​ရာ ဝန်​ဆောင်မှု အသံလွှင့်​တာ​တွေနဲ့​ ပတ်သက်လို့​ ဆွီဒင်​ရေဒီယို အသံလွှင့်​ဌာနရဲ့​ လုပ်​ဆောင်ချက်​တွေကို စ​လေ့​လာပါတယ်။ ​လေ့​လာတဲ့​အခါမှာ တချို့​အချက်​တွေက အင်မတန်မှ ​ကောင်း​မွန်ပါတယ်။ ဒါ​ပေမယ့်​ တချို့​ဟာ​တွေက ကျ​နော်တို့​ဆီမှာ ချက်ချင်း​မိတ်ဆက်လို့​ မရဘဲ၊​ ဥပမာ အသံလွှင့်​ဌာနအတွက် ပြည်သူ​တွေဆီက​နေ ရန်ပုံ​ငွေရှာ​ဖွေတဲ့​ ကိစ္စမျိုး​ဆိုရင်​တော့​ ကျ​နော်တို့​ဆီမှာ ချက်ချင်း​ကျင့်​သုံး​လို့​ မရဘဲနဲ့​ အဆင့်​ဆင့်​ပြောင်း​လဲကျင့်​သုံး​ရမယ်။ သို့​သော် ပြည်သူ​တွေကို သတင်း​အချက်အလက်​ပေး​ဖို့​၊​ ​ဖျော်​ဖြေ​ရေး​နဲ့​ ပညာ​ပေး​မှု မျှမျှတတ လုပ်တာ၊​ လူနည်း​စု​တွေရဲ့​ ပတ်သက်တဲ့​ကိစ္စကို တင်ဆက်​ပေး​တာ၊​ ဒါမျိုး​တွေကျ​တော့​ တိုက်ရိုက်ယူပြီး​ သုံး​လို့​ရမယ့်​ သ​ဘောမျိုး​လည်း​ ရှိပါတယ်။ အဆင့်​ဆင့်​ပြောင်း​လဲပြီး​ သုံး​ရမှာရှိတယ်။ နည်း​နည်း​ ပြင်သုံး​ရမှာရှိတယ်။ သို့​သော် ဘာပဲဖြစ်ဖြစ် အဖိုး​တန်တဲ့​ သတင်း​အချက်အလက်​တွေ အများ​ကြီး​ပဲ ကျ​နော်တို့​ စပြီး​တော့​ ရပါတယ်။” ဒုတိယဝန်ကြီး​ ဦး​ဆောင်ပြီး​တော့​ ညွှန်ချုပ်​တွေပါ လိုက်ပါလာတာဆို​တော့​ ဒီခရီး​စဉ်ရဲ့​ ​လေ့​လာမှု​တွေဟာ မြန်မာပြည်ရဲ့​ မီဒီယာ​လောကမှာ သက်​ရောက်မှု အများ​ကြီး​ရှိမယ်လို့​ အန်ကယ်အခုထဲက ကြိုတင်ပြီး​တော့​ နိမိတ်ဖတ်နိုင်လား​။ “သက်​ရောက်မှု​တွေ အများ​ကြီး​ရှိပါတယ်။ ကဏ္ဍအလိုက်​ပေါ့​။ တစ်က​တော့​ နိုင်ငံပိုင်မီဒီယာ​တွေကို ကျ​နော်တို့​ အသွင်ကူး​ပြောင်း​တဲ့​အခါမှာ ဒီအ​တွေ့​အကြုံ​တွေက အများ​ကြီး​ အသုံး​ကျပါလိမ့်​မယ်။ ပြီး​ရင် စာနယ်ဇင်း​ကောင်စီ​တွေကို ​လေ့​လာသွား​တဲ့​အတွက် ​နောင်​ပေါ်​ပေါက်လာမယ့်​ စာနယ်ဇင်း​ကောင်စီအတွက် လိုအပ်တဲ့​ အကြံဥာဏ်​တွေ အချက်အလက်​တွေကို ကျ​နော်တို့​ ပံ့​ပိုး​ပေး​သွား​နိုင်မယ်။ ပြီး​ရင် ကျ​နော်တို့​ ​နောက်ထပ် ​ရေး​ဆွဲဖို့​ရှိ​နေတဲ့​ ရုပ်သံလွှင့်​ မီဒီယာဥပ​ဒေနဲ့​ ပတ်သက်ရင်လည်း​ ကျ​နော်တို့​ ဒီခရီး​စဉ်က​နေ အကျိုး​သက်​ရောက်မှု အများ​ကြီး​ ရှိမယ်လို့​ ကျ​နော်တို့​ ယုံကြည်ပါတယ်။” အရင်တုန်း​က ဘီဘီစီ၊​ ဗွီအို​အေ၊​ ဒီဗွီဘီ၊​ အာအက်ဖ်​အေတို့​ စသည်ဖြင့်​ကို နိုင်ငံ​တော်အစိုး​ရက​နေ သတင်း​စာ​တွေမှာ စာလုံး​အမဲကြီး​နဲ့​ လုပ်​နေရာက​နေ အခု ဒီခရီး​စဉ်မှာ ဒီဗွီဘီရဲ့​ ဖိတ်ကြား​ချက်နဲ့​ပေါ့​၊​ အန်ကယ်တို့​က အ​နောက်ဥ​ရောပနိုင်ငံကို ​ရောက်တယ်ဆို​တော့​ ဒီ​ပြောင်း​လဲမှုက ရုတ်ခြည်း​ပြောင်း​လဲမှုလား​၊​ တဆင့်​ဆင့်​ အန်ကယ်တို့​ဆီကို ဖိအား​တွေများ​ရှိလား​။ “ကျ​နော်တို့​ သမ္မတကြီး​က သူ့​ရဲ့​ပထမဆုံး​ ရာထူး​လက်ခံတဲ့​ မိန့်​ခွန်း​မှာ ကျ​နော်တို့​အား​လုံး​က နိုင်ငံ​တော်အတွက် တိုး​တက်ကြီး​ပွား​တာကို မြင်ချင်တယ်။ ဒါ​ကြောင့်​မို့​ ဘုံအကျိုး​စီး​ပွား​ပေါ်မှာ အ​ဖြေရှာပြီး​တော့​ တူတာ​တွေစပြီး​ တွဲလုပ်ကြမယ်။ ဒီလိုမျိုး​ ညွှန်ကြား​ခဲ့​တယ်။ အဲဒီ​တော့​ ကျ​နော်တို့​အ​နေနဲ့​ လွတ်လပ်ပွင့်​လင်း​တဲ့​ မီဒီယာတခုကို လိုချင်တယ်။ ပြည်သူ​တွေကို သတင်း​အချက်အလက်​တွေ မှန်ကန်စွာ ​ပေး​နိုင်တဲ့​ မီဒီယာမျိုး​ကို လိုချင်တယ်။ သတင်း​လွတ်လပ်ခွင့်​ကိုလည်း​ အ​ခြေခံဥပ​ဒေနဲ့​အညီ ​ဖော်​ဆောင်​ပေး​ချင်တယ်။ ဒီဗွီဘီတို့​၊​ ဘီဘီစီတို့​လို ပြည်ပမှာ အ​ခြေချ​နေတဲ့​ မြန်မာသတင်း​သမား​တွေကလည်း​ ဒီရည်ရွယ်ချက်နဲ့​ပဲ လုပ်​နေတာ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​ကြား​မှာ တချို့​မတူ​သေး​တဲ့​ အမြင်​တွေ ရှိ​ကောင်း​ရှိ​ပေမယ့်​၊​ ကျ​နော်ခုနက​ပြောတဲ့​ မီဒီယာ​လောက ဖွံ့​ဖြိုး​တိုး​တက်ဖို့​၊​ လွတ်လပ်ပွင့်​လင်း​တဲ့​ မီဒီယာ​လောကဖြစ်ဖို့​ဆိုတဲ့​ တူညီတဲ့​ ဘုံအကျိုး​စီး​ပွား​ ​ပေါင်း​ပြီး​တော့​ ကျ​နော်တို့​လုပ်တာ ဖြစ်ပါတယ်။ အဓိက​တော့​ သမ္မတကြီး​ရဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အ​ပေါ်မှာ ဘုံအကျိုး​စီး​ပွား​ပေါ်မှာ အ​ခြေခံတဲ့​အတွက်​ကြောင့်​ လုပ်တာဖြစ်ပါတယ်။ ကျ​နော်တို့​ ဘယ်ဖိအား​ကြောင့်​မှ လုပ်တာမဟုတ်ပါဘူး​။” တခြား​ ဘာများ​ပြောချင်ပါ​သေး​လဲ။ “ကျ​နော်တို့​လည်း​ နိုင်ငံတွင်း​မှာ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်​နေတယ်။ ဒီခရီး​စဉ်ကြီး​က လုပ်ငန်း​ကြီး​က ပမာဏလည်း​ကြီး​တယ်။ ​ကျော်လွှား​ရမယ့်​ စိန်​ခေါ်မှု​တွေလည်း​ အများ​ကြီး​ရှိပါတယ်။ သို့​သော် ဘာပဲဖြစ်ဖြစ် သမ္မတကြီး​ရဲ့​ ဦး​ဆောင်မှု​အောက်မှာ ကျ​နော်တို့​ အစိုး​ရဌာန​တွေ အား​လုံး​က အတတ်နိုင်ဆုံး​ ပြုပြင်​ပြောင်း​လဲဖို့​ ကြိုး​စား​နေတယ် ဆိုတာကို ပြည်သူ​တွေအ​နေနဲ့​ အသိအမှတ်ပြု​ပေး​စေချင်ပါတယ်။ ကျ​နော်တို့​ လိုအပ်တဲ့​ အကြံဥာဏ်​လေး​တွေ ရှိရင်လည်း​ ကျ​နော်တို့​ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ဝက်ဘ်ဆိုဒ်လည်း​ ကျ​နော်တို့​ ​ထောင်ထား​ပြီး​ဖြစ်တာ​ကြောင့်​ အဲဒီက​နေ လုပ်သင့်​တယ် ထင်တဲ့​ဟာ​တွေကို အကြံဥာဏ်​ပေး​စေချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024