Home
မြန်မာသတင်း
တနိုင်းမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ခန့် ပိတ်မိ၊ စားနပ်ရိက္ခာပြတ်နေ
နော်နိုရင်း
·
April 18, 2018
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာမှာ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အောင်လောဒ့်ရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံ ၂၀၀၀ လောက် ပိတ်မိနေပါတယ်။ ဧပြီ ၁၁ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာသား ၂၀၀၀ လောက် တောထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေကြား ပိတ်မိနေဆဲပဲလို့ ကရင်ပြည်နယ်အမျိုးသမီးများကွန်ရက်အဖွဲ့က ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ “အခု အောင်လော့ဒ်ကျေးရွာထဲကို မြန်မာအစိုးရစစ်တပ်ဘက်က မနေ့တုန်းက ဝင်ပြီးသွားပြီ။ ရွာထဲကိုကျတော့ ရွာသူရွာသားတွေ လုံးဝအခြေချလို့မရတဲ့ အခြေအနေဖြစ်တယ်။ ရွာကနေ  ၆ မိုင်လောက်ဝေးတဲ့ နေရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ မနေ့ညပိုင်း ၇ နာရီအထိကို တိုက်ပွဲတွေ ဖြစ်ကြတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေထဲမှာဆိုရင် ကိုယ်ဝန်အရင့်အမာနဲ့ မိခင် ၂ ဦးပါတယ်။ နောက်ထပ်ကိုယ်ဝန်ဆောင်မိခင် ၆ ဦးလောက် ပါသေးတယ်။ ပြီးရင် နို့စို့ကလေးငယ်တွေ ပါတယ်။ သူတို့ မနေ့တုန်းက တော်တော်ဒုက္ခရောက်နေကြတယ်။” အောင်လော့ဒ်ကျေးရွာနဲ့ တနိုင်းမြို့ဟာ မိုင် ၃၀ လောက်ဝေးတဲ့အပြင် ကုန်းလမ်းရော၊ ရေလမ်းပါ စစ်ကြောင်းအပြည့် ရောက်နေတဲ့အတွက် သူတို့လာဖို့ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ ကျေးရွာသားတွေ လာနိုင်ဖို့ တပ်နဲ့ညှိနှိုင်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘူးလို့လည်း ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ “တနိုင်းကို လာဖို့အတွက်က လမ်းက မဖွင့်ဘူးပေါ့နော်။ ၁၁ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ ၁၃ ရက်နေ့မှာ ရွာသူရွာသားတွေကို ကယ်ထုတ်ဖို့အတွက် တနိုင်းမှာရှိတဲ့ တကစမှူးနဲ့ တနိုင်းမှာ ရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ အမျိုးသမီးအဖွဲ့တွေ ညှိနှိုင်းတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ကျနော်တို့က အထက်က အမိန့်အရ လုပ်တယ်ဆိုတော့ လမ်းတွေလည်း ဖွင့်မပေးနိုင်ဘူး။ တွေ့လို့ရှိရင်ကတော့ ကျနော်တို့က ပစ်ပြီးသတ်ရမှာပဲ။ အဲလိုမျိုးပေါ့နော်။ အဲလိုအနေအထား ဖြစ်နေတဲ့အခါကျတော့ ၁၄ ရက်နေ့မှာ တနိုင်းက ဘာသာရေး ခေါင်းဆောင်တွေ၊ မြို့မိ မြို့ဖတွေ ဝန်ကြီးချုပ်ကို စာရေးရတယ်။” ၁၁ ရက်နေ့က တိုက်ပွဲမှာလည်း အစိုးရတပ်ဘက်က လေယာဉ်တွေသုံးပြီး ရွာထဲ ပစ်ချခဲ့တဲ့အတွက် ရွာသား ၂  ဦးဒဏ်ရာရရှိပြီး ကလေးတဦး သေဆုံးသွားသလို ဒဏ်ရာရသူတွေကလည်း ဆေးမကုရဘဲ တောတွင်းမှာသာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။ စစ်ရှောင်ရွာသားတွေဟာ တောထဲမှာ ပိတ်မိနေတဲ့အတွက် စားဝတ်နေရေး အခက်အခဲနဲ့ ကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့က ကချင်ဝန်ကြီးချုပ်ဆီကို ပေးပို့တဲ့စာမှာလည်း အောင်လော့ဒ်ကျေးရွာထဲမှာ တပ်မတော်က ဝင်ရောက်တပ်စွဲကာ ထပ်မံတိုက်ပွဲ အရှိန်ပြင်းထန်လာဖွယ် ရှိတဲ့အတွက် ဒေသခံတွေရဲ့ အသက်အန္တရာယ် အလွန်စိုးရိမ်ပူပန်ရကြောင်း ပြောပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်အနေနဲ့ ပိတ်မိပြည်သူတွေ လွတ်မြောက်နိုင်ဖို့ လုံခြုံမှုရှိတဲ့နေရာကို လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ဖို့လည်း တိုက်တွန်းထားပါတယ်။ ဧပြီ ၁၁ ရက်ကစပြီး  ကေအိုင်အေတပ်တွေ နေရာအတော်များများကို အစိုးရက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်က ပြောခွင့်ရသူ  ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ Photo : Hkun Awng Nlam
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024